ကြာရှည် အထားခံပြီး အရသာကို အာဗြဲခြောက်နှင့် တွဲဖက်ထားတာကြောင့် ထမင်းမြိန်မြိန် စားသုံးနိုင်သော အရံဟင်းပွဲ သီးသန့်မဟုတ်ဘဲ စားသုံးလို့ရသော ဟင်းတစ်ခွက်လို့လည်း ပြောလို့ရပါတယ်။ မရမ်းသီး ချစ်သူများအတွက် ဒီလိုတစ်မျိုးလေး ပြန်လည် တီထွင်ထားသော ငရုတ်သီးထောင်းရဲ့ အရသာစွဲသွားစေရမယ်။ ထောင်းစားကြည့်လိုက်နော် . . . ။
ပါဝင်ပစ္စည်းများ
- မရမ်းသီး – ၁ဝ ကျပ်သား (အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ)
- အာဗြဲခြောက် – ၅ ကျပ်သား (မီးဖုတ်၊ မွနေအောင် ထုထားပါ)
- ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီးစိမ်း – ၅ ကျပ်သား (လှော်ထားပါ)
- ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်)
- ငါးပိစိမ်းစား – စားပွဲဇွန်း ၁ ဇွန်း (မီးအုံးထားပါ)
- ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း
- အချိန်တို အတွင်း မြန်မြန်လုပ်စားလို့ ရတဲ့နည်းကတော့ အားလုံး ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ သိပ်ညက်မှုန့်နေအောင် မကြိတ်ပါနှင့်။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။
- ထမင်းပူပူလေးကို ပဲနီလေး ဟင်းရည်ဆမ်းပြီး တွဲဖက် စားသုံးလျှင် သိပ်လိုက်ဖက်ပါတယ်။
- ငရုတ်ဆုံနှင့် ထောင်းမည်ဆိုလျှင် ငရုတ်သီးလှော်များကို အရင် ထည့်ပြီး ညက်အောင်ထောင်းပါ။ ပြီးမှ မရမ်းသီး ငါးပိ ထည့်ပြီး ထောင်းပါ။
- မရမ်းသီး ညက်လျှင် အာဗြဲခြောက်များ ထည့်ပြီး အားလုံး ရောသမအောင်မွှေပြီးမှ တခြား ပါဝင်ပစ္စည်းများ ထည့်ထောင်းပါ။
- အားလုံးညက်လျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။
(မှတ်ချက် – ဟင်းပွဲတစ်ပွဲအနေနှင့် အသုံးပြုချင်ရင်တော့ အာဗြဲခြောက် များများထည့်ပါ။)