ကြာရှည် အထားခံပြီး အရသာကို အာဗြဲခြောက်နှင့် တွဲဖက်ထားတာကြောင့် ထမင်းမြိန်မြိန် စားသုံးနိုင်သော အရံဟင်းပွဲ သီးသန့်မဟုတ်ဘဲ စားသုံးလို့ ရသော ဟင်းတစ်ခွက်လို့လည်း ပြောလို့ရပါတယ်။ မရမ်းသီး ချစ်သူများအတွက် ဒီလိုတစ်မျိုးလေး ပြန်လည် တီထွင်ထားသော ငရုတ်သီးထောင်းရဲ့ အရသာစွဲသွားစေရမယ်။ ထောင်းစားကြည့်လိုက်နော် . . . ။

ပါဝင်ပစ္စည်းများ

  • မရမ်းသီး – ၁ဝ ကျပ်သား (အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ)
  • အာဗြဲခြောက် – ၅ ကျပ်သား (မီးဖုတ်၊ မွနေအောင် ထုထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးစိမ်း – ၅ ကျပ်သား (လှော်ထားပါ)
  • ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်)
  • ငါးပိစိမ်းစား – စားပွဲဇွန်း ၁ ဇွန်း (မီးအုံးထားပါ)
  • ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

  1. အချိန်တို အတွင်း မြန်မြန်လုပ်စားလို့ ရတဲ့နည်းကတော့ အားလုံး ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ သိပ်ညက်မှုန့်နေအောင် မကြိတ်ပါနှင့်။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။
  2. ထမင်းပူပူလေးကို ပဲနီလေး ဟင်းရည်ဆမ်းပြီး တွဲဖက် စားသုံးလျှင် သိပ်လိုက်ဖက်ပါတယ်။
  3. ငရုတ်ဆုံနှင့် ထောင်းမည်ဆိုလျှင် ငရုတ်သီးလှော်များကို အရင် ထည့်ပြီး ညက်အောင်ထောင်းပါ။ ပြီးမှ မရမ်းသီး ငါးပိ ထည့်ပြီး ထောင်းပါ။
  4. မရမ်းသီး ညက်လျှင် အာဗြဲခြောက်များ ထည့်ပြီး အားလုံး ရောသမအောင်မွှေပြီးမှ တခြား ပါဝင်ပစ္စည်းများ ထည့်ထောင်းပါ။
  5. အားလုံးညက်လျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။

(မှတ်ချက် – ဟင်းပွဲတစ်ပွဲအနေနှင့် အသုံးပြုချင်ရင်တော့ အာဗြဲခြောက် များများထည့်ပါ။)