ဟင်းမရှိရင် အလွယ်ကြက်ဥကြော်စားကြမှာပေါ့။ တစ်ခါတစ်လေကျရင် ထမင်းဖြူလေးကို ဆီနဲ့ဆားနဲ့နယ်ပြီး ကြက်ဥကြော်လေးနဲ့စားရတာက ထမင်းစားလို့ပိုကောင်းပါတယ်။ ခဏခဏစားနေရရင်ကျ ရိုးလာပြန်ရော။ ဒါကြောင့် ကြက်ဥကို ကြော်ပြီးပဲစားနေရတာရိုးလာရင် ကြက်ဥကြော်ကို စပ်စပ်လေးသုပ်စားကြည့်ပါလို့ အကြံပေးပါတယ်။ အရသာတစ်မျိုးလေးပြောင်းပြီး စားကောင်းစေမှာဖြစ်တဲ့အပြင် လုပ်ရတာလည်း အရမ်းလွယ်ကူလို့ နည်းလမ်းလေးကိုပါ မျှဝေပေးလိုက်ပါတယ်။

ကြက်ဥကြော်ကို သုပ်စားဖို့ အရင်ဆုံး ကြက်ဥ – ၃ လုံးကို ကြော်နေကျအတိုင်း ခလောက်ပြီးကြော်လိုက်ပါ။

ကြက်ဥကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ပြီး အတုံးကြီးကြီးလေးသာ လှီးလိုက်ပါ။

ကြက်ဥကြော်ကို စသုပ်ဖို့အတွက် ပန်းကန်အကြီးထဲကို လှီးထားတဲ့ပူစီနံရွက် – အနည်းငယ်၊ လှီးထားတဲ့နံနံပင် – အနည်းငယ်နဲ့ လှီးထားတဲ့ ကြက်သွန်မြိတ် – အနည်းငယ်တို့ကို ထည့်ပါမယ်။

သခွားသီးကိုလည်း အနည်းငယ်လှီးပြီး ထည့်ပါမယ်။ လှီးထားတဲ့ ကြက်သွန်နီ – အနည်းငယ်နဲ့ လှီးထားတဲ့ စပါးလင် – အနည်းငယ်ကိုလည်း ထည့်ပါမယ်။

Rice Powder (ဆန်မှုန့်) ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာ ထည့်ပါမယ်။ Rice Powder (ဆန်မှုန့်) အသင့်မရှိရင် ဆန်ကို ဒယ်အိုးထဲထည့်လှော်ပြီး ဆန်တွေအညိုရောင်ပြောင်းသွားရင် ငရုပ်စုံထဲ ထည့်ထောင်းလိုက်ရင် Rice Powder (ဆန်မှုန့်) ရသွားပါလိမ့်မယ်။

ငရုပ်သီးမှုန့်ကို ကိုယ်စားချင်သလောက်ထည့်ပြီး နယ်ပေးပါ။ နယ်ပြီးရင် ကြက်ဥကြော်ကိုပါ ထည့်နယ်ပါ။

သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစာနဲ့ ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်ပြီး နယ်ပေးပါ။ ဆီထည့်ချင်ရင် နည်းနည်းလေးပဲထည့်ပေးပါ။

သေချာသမအောင်နယ်ပြီးရင်တော့ ပန်းကန်ထဲပြောင်းထည့်ပြီး ထမင်းနဲ့တွဲဖက်စားသုံးနိုင်တဲ့ ကြက်ဥကြော်ကို စပ်စပ်လေးသုပ်ထားတာ ရသွားပါပြီ။

Photo Source: www.pailin’skitchen.com