ဝက်နံရိုးစွပ်ပြုတ်ဆိုရင်တော့ ကြိုက်တဲ့သူများမယ်လို့ ထင်ပါတယ်။ ထမင်းနဲ့ပဲစားစား၊ ဒီတိုင်းပဲစားစား စားလို့ကောင်းတာမို့ ဝက်သားကြိုက်တယ်ဆိုရင် လုပ်စားကြည့်သင့်ပါတယ်နော်။ ဝက်နံရိုးစွပ်ပြုတ်ကိုမှ မအီပဲနဲ့ ပိုအရသာရှိပြီး စားလို့ကောင်းအောင် ချဉ်ချဉ်စပ်စပ်လေး လုပ်စားကြည့်ဖို့အတွက် နည်းလမ်းလေးမျှဝေပေးလိုက်ပါတယ်။

ဝက်နံရိုး – ၁ ပေါင်ခွဲစာလောက်ကို အနေတော်အတုံးလေးတွေတုံးပြီး ပန်းကန်လုံးအကြီးထဲထည့်ပါ။ ဆား – အနည်းငယ် ထည့်နယ်ပါ။

အိုးထဲကို ဆီ နည်းနည်းလေးထည့်ပြီး ဝက်နံရိုးတွေကို ခဏလောက်ကြော်ရပါမယ်။

ပြီးရင်တော့ ရေထည့်ပါမယ်။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပြီး မိနစ် ၂၀ လောက်တည်ထားပါ။ ပွက်ပွက်ဆူလာရင် အပေါ်မှာဝေ့နေတဲ့ဆီတွေနဲ့ အဖတ်လေးတွေကို ဇွန်းနဲ့ဖယ်ထုတ်လိုက်ပါ။ ပြီးရင် ဝက်နံရိုးနူးအောင် ထပ်တည်ထားပါ။

ဝက်နံရိုးတွေ နည်းနည်းနူးလောက်ပြီဆိုရင် ကြက်သွန်နီ အလုံးကြီး – တစ်ဝက်ကို အတုံးနည်းနည်းကြီးအောင်လှီးပြီး ထည့်ပါ။ ခရမ်းချဉ်ကြီးအကြီး ၂ လုံးကိုလည်း အတုံးကြီးကြီးလေးလှီးပြီး ထည့်ပါ။

မကျည်းမှည့် လက်တစ်ဆုပ်စာလောက်ကိုယူပြီး ရေနွေးနဲ့ မကျည်းမှည့်ရည်ပျစ်ပျစ်ရအောင် အရည်ဖျော်ရပါမယ်။

ပိန်းဥ အကြီးစားကြီးတွေရှိရင်လည်း တစ်လက်မစာအတုံးလေးတွေ တုံးပြီးထည့်ပါ။ မရှိရင်ပဲဖြစ်ဖြစ်၊ ကိုယ်မကြိုက်ရင်ပဲဖြစ်ဖြစ် မထည့်လည်းရပါတယ်။ ပြီးရင် အဖုံးပိတ်ပြီး ခဏတည်ထားပါ။

ဘိုစားပဲတွေကို အလယ်ကနေ တစ်ဝက်ပဲ လှီးပြီး ပန်းကန်လုံးအသေးတစ်လုံးစာလောက်ရအောင် လှီးထည့်ပါ။ ရေကိုလည်း ပန်းကန်လုံးအသေး တစ်လုံးစာ ထပ်ထည့်ပါ။ ငရုပ်သီးတောင့်တွေကိုလည်း ကြီးရင် ၃ တောင့်လောက် ထည့်ပါ။

ထည့်ထားတာတွေနူးပြီဆိုရင် ထိုင်ဝမ်မုန်ညင်းကို ကိုယ်စားချင်သလောက် ထည့်ပါ။

ခုနကလုပ်ထားတဲ့ မကျည်းမှည့်ရည်ပျစ်ပျစ်ကို စားပွဲတင်ဇွန်း ၄ ဇွန်းထည့်မွှေပါ။ အရသာမြည်းကြည့်ပြီး အချဉ်ကြိုက်လို့ အချဉ်ဓာတ်လိုသေးတယ်ဆိုရင် မကျည်းရည်ကို နောက်ထပ် ၂ ဇွန်းလောက် ထပ်ထည့်ပါ။

အားလုံးလည်းနူးပြီ၊ တည်ထားတာလည်း ပွက်ပွက်ဆူပြီဆိုရင် ကိုယ်စားမယ့်ပန်းကန်ထဲ ခူးထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ်နဲ့ အရသာရှိတဲ့ ဝက်နံရိုးစွပ်ပြုတ်ကို ရရှိသွားပါပြီ။

Photo Source: www.pailin’skitchen.com