ရာသီဥတုကလည်း အပြင်မှာ မိုးအေးနေတော့ ရာသီဥတုနဲ့ လိုက်ဖက်မယ့် ငရုတ်သီးထောင်းလေး လုပ်စားဖြစ်ပါတယ်။ လွယ်ကူပြီး မြန်ဆန်ပြီး ခံတွင်း တွေ့စေမယ့် ဟင်းရံတစ်ခွက်ဖြစ်လို့ ထမင်းချိုင့်ထည့်ရတဲ့ ဝန်ထမ်းများအတွက်လည်း အဆင်ပြေမှာပါ။
လိုအပ်သောပစ္စည်းများ
- ငရုတ်သီးအစိမ်း အမှည့်ရောရာ – လက်ဖက်ရည်ပန်ကန်လုံး ၁ လုံးခန့်
- ကြက်သွန်နီ – ဥသေး ၁ ဥ
- ကြက်သွန်ဖြူ – ၁ ဥ
- ပုစွန်ခြောက် – အနည်းငယ်
- ငရုတ်ကောင်းစေ့ – ၅ စေ့ခန့်
- သံပုရာသီး – ၁ လုံး
ပြင်ဆင်နည်း
- ငရုတ်သီးစိမ်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူများကို ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ။ ပုစွန်ခြောက်ကို ရေစင်အောင်ဆေး ရေစိမ်ပြီး ညက်အောင် ထောင်းထားပါ။ ကြက်သွန်နီများကို ပါးပါးလှီးပါ။
- ယိုးဒယားငံပြာရည် ၊ သကြား နှင့် သံပုရာသီး အရည်ကို မိမိစိတ်ကြိုက် အချိုးအဆ အတိုင်း ရောစပ်ပြီး ဖျော်ထားပါ။ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းများ နဲ့ ငရုတ်ကောင်းစေ့များကို မီးအေးအေးနဲ့ မွှေးပျံပြီး ခြောက်ကပ်လာသည်အထိ လှော်ပေးပါ။
- လှော်ထားတာတွေ ရပြီ ဆိုလျှင် ပုစွန်ခြောက်ထောင်း အပါအဝင် ငရုတ်ဆုံထဲ အားလုံးရောပြီး ဆားနဲ့အတူ ထောင်းပါ။ ငရုတ်သီးအနှစ် မညက်တညက် ရပြီဆို ဖျော်ထားတဲ့ အရသာရည်နဲ့ ရောစပ်ပြီး ဇွန်းဖြင့် သမအောင်မွှေပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပါ။
- သံပုရာသီး တစ်လုံးလုံးရဲ့ အရည်ကို ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ သကြား လက်ဖက်ကည်ဇွန်း ၁ ဇွန်း နဲ့ ရောစပ်တဲ့ အချိုးအဆက စားလို့ ကောင်းပါတယ်။ ငရုတ်ကောင်းက မထည့်ရင်လည်း ရပါတယ်။ သူ့ကို အနံအရသာ ပိုမိုမွှေးပျံစေဖို့ သုံးထားတာပါ ။
- ဒီငရုတ်သီး ထောင်းလေးကို ကြက်သား ကာလသားဟင်း ၊ ခရမ်းသီးမီးဖုတ်သုပ် စတဲ့ ဟင်းတွေနဲ့ တွဲဖက်စားမယ်ဆိုရင် အင်မတန်မှ ဟင်းမြိန်စေပါတယ်။
Credit: Warr Tee