အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လုပ်ရတာလည်း လွယ်ကူပြီးအရသာရှိတဲ့ ပုဇွန် အစပ်ကြော် ကြော်နည်းကို မျှဝေပေးချင်ပါတယ်။

ဟင်းအခုမှစချက်မယ့် သူတွေအတွက်လည်း အဆင်ပြေပါတယ်နော်။

ပါဝင်ပစ္စည်း

  • ပုဇွန် ၁၅ ကျပ်သား
  • ဆား
  • နနွှင်း

  • ဆီ
  • ငရုတ်သီးမှုန့်
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၅ မွှာခန့်

ပြုလုပ်နည်း

အရင်ဆုံး ပုဇွန်ကို သေချာရေဆေးပြီး ကျောရိုးက အညစ်အကြေးတွေကိုပါထုတ်လိုက်ပါ။ ပြီးရင်ရေထပ်ဆေးပါ။ အထပ်ထပ်ဆေးပါ။

အဲဒီနောက် ဆားနဲ့ နနွှင်းမှုန့်ကိုထည့်ပြီးနယ်ထားပေးပါ။ ၅ မိနစ်လောက်နှပ်ထားပါ။

အဲဒီအချိန်အတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ခွာလိုက်ပါ။ ပြီးရင် ငရုတ်သီးမှုန့်နဲ့အတူ ရောပြီးထောင်းပါ။ ငရုတ်သီးထောင်းတဲ့အချိန်မှာ ဆားထည့်ပါ။

ပြီးရင် ပုဇွန်ကို ဆီ နည်းနည်းနဲ့ ကြော်လိုက်ပါ။

ရေခမ်းပြီး ဆီပြန်လေးဖြစ်လာရင် ပုဇွန်ကိုဆယ်ထားလိုက်ပါ။

ဆီထပ်ထည့်လိုက်ပြီး ငရုတ်သီးနဲ့ ကြက်သွန်ထောင်းထားတာကို ကြော်ပေးလိုက်ပါ။ အနံ့လေးမွှေးလာရင် ပုဇွန်ထည့်လိုက်ပြီး ပုဇွန်ကို အနည်းငယ်ခြောက်အောင် ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ မီးဖိုပေါ်ကချပြီး ပန်းကန်ထဲထည့်ကာ သုံးဆောင်နိုင်ပါပြီ။ ပုဇွန်မကြိုက်တဲ့ စာရေးသူလည်း ဒီလိုချက်တဲ့ ပုဇွန်ကြော်လေးကိုတော့ အရမ်းကြိုက်ပါတယ်။

By: MyFood Myanmar