“အရွက်မှာ လက်ဖက်၊ အသီးမှာ သရက်၊ အသားမှာ ဝက်” ဆိုတဲ့ စကားလေးအတိုင်းပဲ ကြက်သား၊ အမဲသား၊ ဝက်သား စတဲ့ အသားဟင်းတွေထဲမှာ အရသာအရှိဆုံးက ဝက်သားဟင်းဖြစ်တယ်လို့ ရှေးလူကြီးများက ပြောစမှတ်ပြုခဲ့ကြပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ဝက်သားဟင်း ကြိုက်နှစ်သက်ကြသူများအတွက် ဝက်သား သုံးထပ်သားအစပ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၁ ပေါင် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ပေးထားပါ။ ဒယ်အိုးပူလာပါက ဝက်သား၊ ငရုတ်နှစ်၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့ထည့်ကာ သစ်သားယောင်းမဖြင့် မိနစ်အနည်းငယ်ကြာမွှေပါ။

၂။ ဝက်သားနှင့် အခြားပါဝင်ပစ္စည်းများကို သမအောင် မွှေပြီးတဲ့အခါ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်နီတို့ထည့်ကာ ၁၂ မိနစ်မှ ၁၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ဝက်သားက အနည်းငယ် ကြွပ်ရွလာပြီး ဝက်ဆီများကြောင့် အဆီအနည်းငယ် ရွှမ်းသွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သား သုံးထပ်သားအစပ်ကြော်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။ ထမင်း (သို့) ကင်ချီ (သို့) ဆလပ်ရွက်များနဲ့ အားရပါးရ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

Source: Maangchi.com