ကိုရီးယားအစားအစာတွေထဲမှာမှ အများစုက ကင်မ်ချီစတူး (Kimchi Stew) ကိုတော့ စားဖူးကြပါတယ်။ ဒါပေမယ့် Spicy Tofu Stew ကို စားကြတာ နည်းနည်းရှားတဲ့အတွက် ကိုယ်တိုင် အိမ်မှာ လွယ်လွယ်ကူကူလုပ်စားလို့ရအောင် Spicy Tofu Stew ကို အရသာရှိရှိလေး ချက်နိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

Spicy Tofu Stew ချက်ဖို့ Soft Tofu – ၁ ထုပ်၊ ကြက်ဥ – ၁ လုံး၊ နုတ်နုတ်ဆင်းထားတဲ့ ဝက်သား (သို့) ကြက်သား – အနည်းငယ်၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်နီ – အနေတော်စာလောက်နဲ့ အကွင်းလေးတွေဖြစ်အောင် လှီးထားတဲ့ ကြက်သွန်မြိတ် – အနေတော်စာလောက် လိုပါတယ်။ ပြီးရင်တော့ ဂုံး၊ ပုစွန်၊ ကင်းမွန် စတာတွေလည်း ထည့်ချင်ရင် ထည့်လို့ရပါတယ်။

စချက်ဖို့ ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး နှမ်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။

လှီးထားတဲ့ ကြက်သွန်မြိတ်ထည့်ကြော်ပြီး ခဏနေရင်တော့ နုတ်နုတ်ဆင်းထားတဲ့ ဝက်သား (သို့) ကြက်သား ထည့်ကြော်ပါ။ ဝက်သားကျက်ပြီဆိုရင် နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်နီတွေ ထည့်မွှေပါ။

ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်းတစ်ဝက်စာ ထည့်မွှေပါ။
အရောင်တင်ငရုပ်သီးမှုန့် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစာနဲ့ ငရုပ်သီးမှုန့် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစာ ထည့်ပါ။

ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်မွှေပါ။ ရလောက်ပြီဆိုရင်တော့ ကိုရီးယား soy sauce – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။ ရပြီဆိုရင် မီးပိတ်ထားပါ။

Stew လုပ်မယ့် အိုးလေးကို မီးဖိုပေါ်တင်ပြီး ရေသန့် – ၂၀၀ မီလီလီတာ ထည့်ပါ။ ဂုံး၊ ပုစွန်၊ ကင်းမွန်ထည့်မယ်ဆိုရင် အဲ့ဒါတွေကို အရင်ထည့်ပါ။ ပြီးရင် ခုနကကြော်ထားတဲ့ ဝက်သား (သို့) ကြက်သားကို ထည့်ပါ။

ပွက်ပွက်ဆူလာပြီဆိုရင် Soft Tofu ကို ထည့်ပါ။ ခဏနေရင်တော့ ကြက်ဥ တစ်လုံး ဖောက်ထည့်ပါ။ အပေါ်ကနေ ငရုပ်သီးတောင့်အကြီးတွေ လှီးထည့်ပြီး ကြက်သွန်မြိတ်ထည့်ပါ။ ပြီးရင် ၃ မိနစ်လောက် တည်ထားပါ။

အချိန်ပြည့်ပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး အရသာရှိတဲ့ Spicy Tofu Stew ကို စားသုံးနိုင်ပါပြီ။

Source: www.deliciousday