အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဆွေမျိုးမေ့သွားစေမယ့် တရုတ်စတိုင်လ် ဝက်သုံးထပ်သားကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၂.၂ ပေါင်
  • ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် ၁ လီတာကျော်
  • လက်မအရွယ်အစားခန့် ဂျင်းတုံး ၂ တုံး (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (အခွံခွာပြီး ပါးပါးလှီးပါ)
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ငရုတ်သီးအနီတောင့် ၁ တောင့် (ပါးပါးလှီးပါ)
  • ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ညှက်နေအောင် ထောင်းထားသော စပါးလင်အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဝက်သား သုံးထပ်သားများထည့်ပါ။ ထို့နောက် ကြက်သားပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်များထည့်ပါ။ နုပ်နုပ်စဉ်းထားသော ဂျင်းတစ်ဝက်ခန့်ထည့်ပါ။ ကြက်သွန်ဖြူ၊ ဆန်ဝိုင်နှင့် သကြား စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ထို့နောက်အဖုံးအုပ်ထားကာ မီးအေးအေးဖြင့် ၂ နာရီခန့် တည်ထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဟင်းသီးဟင်းရွက်ဆီ ၂ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့်၊ နုပ်နုပ်စဉ်းထားသော ဂျင်း တစ်ဝက်ခန့်၊ ငရုတ်သီးတောင့်၊ ပျားရည်၊ သကြားညို၊ ပဲငံပြာရည်အနောက်နှင့် စပါးလင်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ သတ်မှတ်ချိန် ၂ နာရီပြည့်သွားပါက ဝက်သားတုံးများကို ဆယ်ယူပြီး ရေဆေးလိုက်ပါ။ ဝက်သားပြုတ်ထားသော အရည်ကိုတော့ ဝက်ပြုတ်ရည်အဖြစ် အသုံးပြုနိုင်ဖို့ရန်အတွက် သိမ်းထားနိုင်ပါတယ်။

၄။ ထို့နောက် ဝက်သားများကို အနေတော်အတုံး တုံးထားလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်သား သုံးထပ်သားများ ထည့်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ ဝက်သားများ ရွှေရောင်ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။

၆။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသောဆော့စ်များကို ဝက်သားပေါ်သို့ ဆမ်းထည့်လိုက်ပါ။ ဆော့စ်များ ဝက်သားထဲ ဆိမ့်ဝင်သွားပြီးနောက် ဝက်သားများ အမဲရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ထို့နောက် မီးဖိုပေါ်ကချကာ ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တရုတ်စတိုင်လ် ဝက်သုံးထပ်သားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။ ကြက်သွန်မြိတ်လေးအနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။

Source: Kitchensanctuary.com