မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ကောက်ညှင်းထုပ်ကို စားရတာ နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဝက်သားကောက်ညှင်းထုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝါးရွက်အခြောက် ၇၅ ရွက်ခန့် (ကောက်ညှင်းတစ်ထုပ်လျှင် ၃ ရွက်စီ အသုံးပြုရပါမယ်)
  • ကောက်ညှင်းဆန် ၅ ပေါင်
  • ဝက်သား ၃ ပေါင်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၅ ဇွန်း

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း

ကောက်ညှင်းဆန် နယ်ရန်အတွက်လိုအပ်သောပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၅ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဆား စားပွဲတင်ဇွန်း နှစ်ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝါးရွက်အခြောက်များကို ရေထဲတွင် တစ်ညခန့် စိမ်ထားရပါမယ်။

ကောက်ညှင်းဆန်ကိုလည်း တစ်ညခန့် စိမ်ပေးထားပါ။

ဝက်သားကို အနေတော်အတုံး တုံးထားပြီးနောက် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်၊ ဆား၊ သကြား၊ ဟင်းချက်ဝိုင်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားကာ တစ်ညခန့် စိမ်ထားရပါမယ်။

၂။ နောက်တစ်နေ့မနက်မှာတော့ ကောက်ညှင်ဆန်များကို ဆယ်ယူကာ အခြောက်ခံထားလိုက်ပါ။ ဆန်များ ခြောက်သွားပါက ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်၊ သကြား၊ ဆားတို့ဖြင့် သမအောင် နယ်ထားပြီးနောက် မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

ဝါးရွက်များကို ရေအသစ်ဖြင့် ဆေးကြောပြီးနောက် သန့်စင်သောအဝတ်စဖြင့် ခြောက်အောင်သုတ်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက ဝါးရွက်သုံးရွက်ကို ကန်တော့ပုံသဏ္ဍာန် ပြန်လုပ်ပေးကာ ကောက်ညှင်းဆန်ထည့်ပါ။ ထို့နောက် ဝက်သားထည့်ပါ။ ဝက်သားအပေါ်တွင် ကောက်ညှင်းဆန်အနည်းငယ် ထပ်ထည့်ရပါမယ်။ ထို့နောက် ကောက်ညှင်းထုပ်ကို နှီးကြိုး (သို့) ကြိုးတစ်ခုခုဖြင့် စည်းနှောင်ထားလိုက်ပါ။

ဝါးရွက်လိပ်နည်းနှင့် ကောက်ညှင်းထုပ်စည်းနည်းအဆင့်ဆင့်ကို အောက်ပါပုံများတွင် အသေးစိတ်လေ့လာနိုင်ပါတယ်။

၄။ ကောက်ညှင်းထုပ်များအားလုံး စည်းနှောင်ပြီးသွားပါက ကောက်ညှင်းထုပ်များကို စွပ်ပြုတ်အိုးအကြီးတစ်လုံးထဲ ပေါင်းထည့်ထားပါ။ ထိုကောက်ညှင်းထုပ်များအားလုံး မြှုပ်သွားသည်အထိ ရေထည့်ထားလိုက်ပါ။

၅။ ထိုအိုးကို မီးဖိုပေါ်တင်ပြီး မီးအေးအေးဖြင့် ၄ နာရီခန့်တည်ထားပေးရပါမယ်။ ရေများ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးပိတ်ကာ ကောက်ညှင်းထုပ်များကို ဆယ်ယူပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားကောက်ညှင်းထုပ်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com