ဝက်သားဆို အဆီအခေါက်မှ ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်ခေါက်ကို မုန်ညင်းနဲ့ အရသာရှိရှိလေးဖြစ်အောင် ရောကြော်နိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် ဟင်းတွေချက်စားတာထက်စာရင် ဒီလို အရွက်နဲ့ အဆီအခေါက် (သို့) အသားနဲ့ ရောကြော်ပြီး ထမင်းပူပူလေးနဲ့စားတာက ပိုပြီးထမင်းမြိန်စေပါတယ်။

မုန်ညင်း ၂ စည်းလောက်ကို အနေတော်လောက်လေးတွေ လှီးပြီး ရေဆေးထားပါ။

ဝက်ခေါက်ကိုလည်း သန့်စင်ပြီး အနေတော်လောက်လေးတွေ တုံးထားပေးပါ။

စကြော်ဖို့အတွက် ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပါ။ ကြက်သွန်ဖြူ ၃ တက်ကို နုတ်နုတ်ဆင်းပြီး ဆီသက်ပါ။

ခဏနေရင် လှီးထားတဲ့ ဝက်ခေါက်တွေ ထည့်ကြော်ပါမယ်။

နည်းနည်းနူးပြီဆိုရင် လှီးထားတဲ့ မုန်ညင်းတွေထည့်ပြီး ရေ – စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ကာ မွှေနေပေးပါ။

ခဏလောက်မွှေပြီးရင်တော့ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပြီး ကြော်ပေးပါ။

နူးပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်လိုက်ရုံပါပဲ။ စပ်စပ်လေးစားချင်ရင်တော့ ငရုပ်သီးစိမ်းလေးတွေ ထောင်းထည့်ပေးပါ။ ဒါဆိုရင်တော့ ဝက်ခေါက်ကို မုန်ညင်းနဲ့ အရသာရှိရှိလေးကြော်ထားတာကို စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

Source: www.dailydish.com