ဝက်သားကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ စားနေကျပုံစံတွေထဲကနေ ကွဲထွက်ပြီး စားချင်စဖွယ်လေးနဲ့ အရသာရှိရှိလေးဖြစ်နေစေဖို့ ဝက်သားကို ခရုဆီ၊ ဆောစ်တို့နဲ့ ကြော်ရမယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ဝက်သား၊ ရေ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်ကောင်းမှုန့်၊ ခရုဆီ၊ Ketchup ဆော့စ်နဲ့ ဆီတို့ပဲ ဖြစ်ပါတယ်။

စတင်ပြုလုပ်ဖို့ ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ကြက်သွန်ဖြူ – ၄ တက်ကို နုတ်နုတ်ဆင်းပြီး ထည့်မွှေပေးပါ။ ခဏနေရင် ကြက်သွန်နီ – ၁ လုံးကို လှီးထည့်ပြီး မွှေပေးပါ။

ခဏနေရင် ဝက်သား – ၄၀၀ ဂရမ်ကို သေးသေးလေးတွေလှီးထည့်ပြီး ကြော်ပေးပါ။ ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်မွှေပြီး တည်ထားပေးပါ။

ဝက်သားအရောင်ပြောင်းသွားပြီဆိုရင် ခရုဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်မွှေပြီး Ketchup ဆော့စ် – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်မွှေပါ။ ရေ – အနည်းငယ်ထည့်ပြီး ထပ်မွှေကာ ခဏတည်ထားပေးပါ။

ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး အပေါ်ကနေ နှမ်း၊ ကြက်သွန်မြိတ်လေးတွေ ဖြူးပြီး စားသုံးနိုင်ပါပြီ။

Source: www.friendcheapmenu