ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်ဆိုပြီး ဆော့စ်အမျိုးမျိုးရှိတဲ့အထဲကမှ ဒီတစ်ခါမှာတော့ တမူထူးခြားတဲ့ စတော်ဘယ်ရီဆော့စ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့တင် ပြီးပြည့်စုံသွားမယ့် စတော်ဘယ်ရီဆော့စ် အချိုပွဲပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီးများ ၁၆ အောင်စခန့်
  • သကြား စားပွဲတင်ဇွန်း လေးဇွန်းခန့်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်

ပြုလုပ်နည်းအဆင့်ဆင့်

စတော်ဘယ်ရီသီးရဲ့ ရွက်ဖတ်များကို ဖယ်ရှားလိုက်ပါ။ ထို့နောက် ဒယ်အိုးတစ်လုံးထဲတွင် စတော်ဘယ်ရီ ၈ အောင်စခန့်ထည့်ပြီးနောက် သကြားနှင့် သံပုယိုရည်များထည့်ကာ မီးအပူပေးလိုက်ပါ။

မီးအပူရှိန် နည်းနည်းလေးနဲ့ အပူပေးကာ ဇွန်းဖြင့် မကြာခဏမွှေပေးရပါမယ်။ စတော်ဘယ်ရီးသီးများ နူးညံ့လာပြီး သကြားများ ပျော်ဝင်သွားကာ စတော်ဘယ်ရီအရည်များ ထွက်လာပါလိမ့်မယ်။

၅ မိနစ်ခန့် ကြာတဲ့နောက်မှာ ကျန်ရှိနေတဲ့စတော်ဘယ်ရီသီးများ ထပ်ပေါင်းထည့်ကာ ဆူပွက်လာအောင် တည်ပေးလိုက်ပါ။

စတော်ဘယ်ရီသီးများ နူးညံ့သွားပါက ဒယ်အိုးကို မီးဖိုပေါ်မှ ချကာ အအေးခံလိုက်ပါ။ ရရှိလာတဲ့ စတော်ဘယ်ရီဆော့စ်များကို ပူပူနွေးနွေးလေး သုံးဆောင်နိုင်သလို ရေခဲသေတ္တာထဲ အအေးခံ၍လည်း သုံးဆောင်နိုင်ပါတယ်။

စတော်ဘယ်ရီဆော့စ် ပူပူနွေးနွေးလေးကိုတော့ ပန်ကိတ်များ၊ ရေခဲမုန့်များ စားတဲ့အခါ ဆမ်းစားနိုင်သလို စတော်ဘယ်ရီဆော့စ် အေးအေးလေးကိုတော့ ချိစ်ကိတ်များပေါ်တွင် ဆမ်းစားနိုင်ပါတယ်။

Source: justsotasty.com