ကလေး၊ လူကြီးအကြိုက်တွေ့စေမယ့် စတော်ဘယ်ရီကွတ်ကီးပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ကွတ်ကီးဆိုတော့ ဘူးထဲထည့်သိမ်းထားရင် အချိန်မရွေးထုတ်စားလို့ရတာပေါ့။ မနက်ခင်း ကော်ဖီလေးနဲ့လည်းစားလို့ရသလို၊ နေ့ခင်းဘက်မှာလည်း အစာပြေစားလို့ရပါတယ်။ ဒါ့အပြင် ညဘက်ဗိုက်ဆာရင်လည်း အလွယ်တကူယူစားလို့ရပါသေးတယ်။

စတော်ဘယ်ရီကွတ်ကီးစတင်ပြုလုပ်ဖို့အတွက် စတော်ဘယ်ရီ – ၂၅၀ ဂရမ်ကို အတုံးလေးတွေတုံးပေးပါ။

ပန်းကန်လုံးအကြီးထဲကို ဂျုံမှုန့် – ၂၅၀ ဂရမ်၊ သကြား – ၅၀ ဂရမ်၊ Baking Powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ဆား – အနည်းငယ်တို့ကို ထည့်နယ်ပြီး ထောပတ် – စားပွဲတင်ဇွန်း ၆ ဇွန်းစာကို ထည့်နယ်ပါ။ ပြီးတာနဲ့ လှီးထားတဲ့ စတော်ဘယ်ရီတွေကိုထည့်နယ်ပေးပါ။

နောက်တစ်ဆင့်အနေနဲ့ Butter Milk လို့ ခေါ်တဲ့ နွားနို့တစ်မျိုးကို ၁၂၀ ဂရမ်ထည့်ပြီး ကြက်ဥတစ်လုံးဖောက်ထည့်ကာ ခလောက်ပေးပါ။ ပြီးတာနဲ့ စတော်ဘယ်ရီနယ်ထားတဲ့ပန်းကန်ထဲ သွားထည့်ပြီး ထပ်နယ်ပေးပါ။

ပန်းကန်ထဲကထုတ်ပြီး ဂျုံမှုန့်တွေဖြူးကာ ပုံမှာပြထားတဲ့အတိုင်း အဝိုင်းပုံစံလေးဖြစ်အောင်လုပ်ပြီး တြံဂံပုံလေးတွေ လှီးပေးပါ။

လှီးပြီးတာနဲ့ ဗန်းထဲထည့်ပြီး အပေါ်ကနေ ခလောက်ထားတဲ့ ကြက်ဥအရည်တွေကို လိုက်သုတ်ပေးပြီး သကြားထပ်ဖြူးပေးပါ။ ပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ မိနစ် ၃၀ လောက်ထည့်ထားပေးပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ စတော်ဘယ်ရီကွတ်ကီးကို ရရှိသွားပါပြီ။

Photo Source: www.homecookingadventure.com