ကြက်တောင်ပံဆိုရင် ကြော်စားတာ၊ ဟင်းချက်စားတာနဲ့ အရည်သောက်တာမျိုးလောက်ပဲ လုပ်စားကြတာများပါတယ်။ ဒါကြောင့် ထူးဆန်းတာလေး လုပ်စားလို့ရအောင် ကြက်တောင်ပံအစာသွပ်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ကြက်တောင်ပံအစာသွပ်လုပ်ဖို့ မုန့်ဖုတ်စက်ရှိဖို့တော့ လိုပါတယ်။

မှို – ၂ ခုကို ရေစိမ်ထားပါ။ ဆန်ကြာဇံ အထုပ်သေးလေးတစ်ထုပ်ကိုလည်း ရေစိမ်ထားပါ။ ကြက်တောင်ပံ ၁၂ ခုကို အထဲက အရိုးထုတ်ပေးရပါမယ်။ ဒါမှ အစာသွပ်လို့ရမှာပါ။

အရိုးတွေထုတ်ပြီးရင် ကြက်တောင်ပံတွေကို ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်နယ်ပါ။

ငရုပ်ဆုံထဲကို ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ – ၃ တက်နဲ့ နံနံပင်အရိုးကြီးပဲကို သေးသေးလေးတွေလှီးပြီး အနည်းငယ်ထည့် ထောင်းပါ။

ရေစိမ်ထားတဲ့ကြာဇံတွေနူးသွားရင် ကတ်ကြေးနဲ့ ညှပ်ပါ။ နုတ်နုတ်ဆင်းထားတဲ့ ကြက်သားကို လက် ၂ ဆုပ်စာလောက်ယူပြီး ကြာဇံပန်းကန်ထဲထည့်နယ်ပါ။

ခရုဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပါးပါးသေးသေးလေးတွေခြစ်ထားတဲ့ မုန်လာဥနီ – ခွက်သေးတစ်ခွက်စာနဲ့ ခုနက ငရုပ်ဆုံထဲ ထည့်ထောင်းထားတာတွေကိုပါ ထည့်လိုက်ပါ။ ရေစိမ်ထားတဲ့ မှို ၂ ခုကိုလည်း သေးသေးလေးတွေ လှီးထည့်ပါ။ လှီးထားတဲ့ ကြက်သွန်မြိတ် အနည်းငယ်နဲ့ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပြီး နယ်ပါမယ်။

သမအောင်သေချာနယ်ပြီးရင် ကြက်တောင်ပံထဲကို အစာသွပ်ထည့်ပါမယ်။ အားလုံးထည့်ပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ ၄၂၅ ဒီဂရီဖာရင်ဟိုက် (၂၂၀ ဒီဂရီစင်တီဂရိတ်) နဲ့ ၂၅ မိနစ်လောက် ထည့်ထားပေးရပါမယ်။

အချိန်ပြည့်ရင် မုန့်ဖုတ်စက်ထဲကထုတ်ပြီး အဝိုင်းလေးတွေလှီးပေးပါ။

အားလုံးလှီးပြီးရင် ပန်းကန်ထဲတန်းစီထည့်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ အချဉ်နဲ့ တို့စားနိုင်တဲ့ ကြက်တောင်ပံ အစာသွပ်ကို ရရှိသွားပါပြီ။

Photo Source: www.pailin’skitchen