ပရိုတင်းဓာတ်ပြည့်ဝပြီး ကြွက်သားများ သန်မာစေတဲ့ ကြက်ဥကို နှလုံးကျန်းမာရေးအတွက်ကောင်းစေတဲ့ အာလူးနဲ့အတူ ရောပြီးစားသုံးမယ်ဆိုရင် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက မရေမတွက်နိုင်အောင် များပြားပါတယ်။

ဒါဆိုရင် ချက်ပြုတ်ချိန် ၁၅ မိနစ်သာ လိုအပ်တဲ့ U.S. အာလူးချောင်းနှင့် ကြက်သားကြက်ဥလိပ်ကြော် ချက်ပြုတ်နည်းလေးကို အတူလေ့လာလိုက်ရအောင်ပါ။

ပြင်ဆင်ချိန် – ၁၅ မိနစ်

ချက်ပြုတ်ချိန် – ၁၅ မိနစ်

ကြာချိန် – ၃၀ မိနစ်

အာလူးအမျိုးအစား – အေးခဲအာလူး

ပွဲအရေအတွက် – ၄

ချက်ပြုတ်နည်း – ဖုတ်/ဆီပူထိုး/ဒယ်ပြားနှင့်ကြော်

ဟင်းပွဲ – အဓိကဟင်းပွဲ

ဟင်းလျာအမျိုးအစား – အာရှအစားအစာ

ပါဝင်ပစ္စည်းများ

  • U.S. Frozen Straight Cuts – ၂၀၀ ဂရမ်
  • ကြက်ဥ – ၅ လုံး
  • မုန်လာဥနီ – ၁ လုံး
  • ကြက်ကြိတ်သား – ၁၀၀ ဂရမ်
  • Cherry ခရမ်းချဉ်သီး – ၅ လုံး
  • အရသာမှုန့် – အနည်းငယ်
  • ခရမ်းချဉ်သီးဆော့(စ်) – ၁၀ မီလီလီတာ
  • ဆား – အနည်းငယ်
  • ငရုပ်ကောင်း – အနည်းငယ်
  • ဆီ – အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

1. U.S. Potato Straight Cuts ကိုOven ထဲတွင် 200°Cနှင့် 3 မိနစ် (သို့) မီးဖိုပေါ်တွင် Pan Grilled 3 မိနစ်လောက် ကျက်အောင်ကြော်ထားပေးပါ။ ပြီးလျှင် ဆားအနည်းငယ် ဖြူးထားပေးပါ။

2. ကြက်ဥကို အရသာထည့်ပြီး သေချာလေး ခေါက်ထားပေးပါ။ မီးဖိုပေါ်တွင် အိုးကိုအပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျှင် ခေါက်ထားသောကြက်ဥကို ပြန့်ပြန့်လေးထည့်ပါ၊ ပြီးလျှင် ဖုတ်/ကင် ထားသော U.S အာလူးချောင်းလေးကိုထည့်ပြီး ပြန်လိပ်ပါ။ သေချာလေးကျစ်အောင် ဖိပြီးလိပ်ပေးပါ။ လိုအပ်လျှင် ဆူရှီ ယင်းလိပ်လေးနှင့် ပြန်ဖိပြီး လိပ်ပေးနိုင်ပါသည်။ မိမိလိုချင် သည့် အလိပ်အနေအထားရပြီဆိုလျှင် ခဏဖယ်ထားပါ။ ပြီးလျှင် ကြိုက်နှစ်သက်သလို လှီးထားပါ။

3. မုန်လာဥနီကို လေးထောင့်သေးသေးလေးတွေလှီးဖြတ်ပြီး ကြက်ကြိတ်သားနှင့် အရသာထည့်ပြီး Sauteed ထိုး ဆီသတ်ပါ။ အနံ့လေးမွှေးလာအောင် ငရုပ်ကောင်းလေး ထည့်နိုင်ပါသည်။

အလှဆင်ပြင်ဆင်ခြင်း

ပန်းကန်ပေါ်တွင် ခရမ်းချဉ်သီးဆော့(စ်)လေးစမ်းပြီး လှီးထားသောကြက်ဥလိပ်ကိုတင်ပါ။ အပေါ်မှ မုန်လာဥနီနှင့် ကြက်ကြိတ်သားကိုတင်ပြီး ခရမ်းချဉ်သီးသေးနှင့် အရွက်များကို အလှဆင်ပြီး တည်ခင်းကျွေးမွေးနိုင်ပါသည်။

Chef Moe Moe Khaing