အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိတဲ့ ဟင်းရွက်အစာသွပ် တို့ဖူးကြော် ပြင်ဆင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တို့ဖူးကြော် ၅ တုံး
  • မှို ၃ ပွင့် (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • မုန်လာဥနီ တစ်ခြမ်း (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ငရုတ်ပွအနီ တစ်ခြမ်း (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်

ခရမ်းချဉ်သီးဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး ၃ လုံး (ပါးပါးလှီးထားပါ)

  • Ketchup ဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်နှင့် ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဓားထက်ထက်တစ်ချောင်းအသုံးပြုပြီး တို့ဖူးကြော်ကို အပေါက်ဖောက်ကာ အထဲက တို့ဖူးအသားများ ဖယ်ထုတ်လိုက်ပါ။

၂။ ဖယ်ထုတ်ထားသော တို့ဖူးအသားများကို ပန်းကန်လုံးထဲသို့ ထည့်ပါ။ မှို၊ မုန်လာဥနီ၊ ငရုတ်ပွ၊ ပဲငံပြာရည်၊ သကြားနှင့် ဆားတို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။ ပြီးမှ ခက်ရင်းဖြင့် အနှစ်များဖြစ်သွားအောင် ချေပေးလိုက်ပါ။

(ငရုတ်သီးစိမ်းများများ ထပ်ထည့်လို့လည်းရသလို အခြားသော ဟင်းရွက်များလည်း ထပ်ထည့်နိုင်ပါတယ်။

၃။ ရရှိလာတဲ့ အနှစ်များကို တို့ဖူးထဲ ပြန်ထည့်လိုက်ပါ။ (တို့ဖူး ကြေမွမသွားဖို့ရန်အတွက် အထူးဂရုပြုပေးရပါမယ်)

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက အစာသွပ်ထားသော တို့ဖူးများထည့်ကာ တစ်ခြမ်းစီကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ တို့ဖူးကြော်များကို ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၅။ ခရမ်းချဉ်သီးဆော့စ် ပြုလုပ်ရန်အတွက် ထိုဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ကြက်သွန်မြိတ်တို့ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။

ထို့နောက် ခရမ်းချဉ်သီးထည့်ကာ ၈ မိနစ်ခန့် တည်ထားလိုက်ပါ။ ခရမ်းချဉ်သီးအရည် ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ Ketchup ၊ သကြားနှင့် ပဲငံပြာရည်တို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ပါ။

၆။ ထို့နောက် အစာသွပ် တို့ဖူးကြော်များကို ခရမ်းချဉ်သီးဆော့စ်ထဲ ထည့်ကာ ၅ မိနစ်ခန့် တည်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ၃ မိနစ်ခန့် ထပ်တည်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီးဆော့စ် အစာသွပ်တို့ဖူးဟင်းလျာလေး ရရှိသွားပါပြီ။

Source: Fullofplants.com