အပ်မှိုကိုအသားနဲ့လိပ်ပြီး အရသာရှိရှိလေးဖြစ်အောင် ဂျပန်စတိုင်လ်ပြုလုပ်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ အပ်မှိုကြိုက်တဲ့သူတွေဆိုရင် လုပ်စားကြည့်သင့်ပါတယ်။ အသားကလည်း ကိုယ်ကြိုက်နှစ်သက်ရာ အမဲသား၊ ဝက်သား သုံးလို့ရပါတယ်။ အရသာရှိတဲ့ အသစ်အဆန်းလေးဖြစ်နေမှာ သေချာပါတယ်။ အရသာရှိသလောက် လုပ်ရတာလည်း အရမ်းလွယ်တာကြောင့် try ကြည့်သင့်ပါတယ်။

အရင်ဆုံး အပ်မှိုတွေကိုသန့်စင်ပြီး ပုံမှာပြထားသလို အစုလေးတွေ နည်းနည်းစီစုထားပါ။ အသားကတော့ ဝက်သား၊ အမဲသား ကြိုက်တာသုံးပါ။ ဒါပေမယ့် အသားလွှာဖြစ်ဖို့တော့ လိုပါတယ်။

အပ်မှိုကို ပုံမှာပြထားတဲ့အတိုင်း အသာလွှာ ၂ လွှာပေါ်တင်ပြီး တင်းတင်းကျပ်ကျပ်လေးဖြစ်အောင် လိပ်ပေးပါ။

ဆော့စ်လုပ်ဖို့အတွက် ပန်းကန်လုံးထဲကို ရေ – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ထောင်းထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထည့်ပါ။ Japan sweet cooking wine – စားပွဲတင်ဇွန်း ၂ ဇွန်း၊ Japanese soy sauce – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။

ဒယ်အိုးထဲကိုဆီထည့်ပြီး ခုနကလိပ်ထားတဲ့ အပ်မှိုအသားလိပ်တွေကို ထည့်ကြော်ပါမယ်။ ဟိုဘက်ဒီဘက်လှန်ပြီး ကြော်ပေးပါ။

အသားနည်းနည်းနူးပြီဆိုရင် ခုနကလုပ်ထားတဲ့ဆော့စ်ကို လောင်းထည့်ပြီး တည်ထားပေးပါ။ အသားလိပ်တွေကို ဟိုဘက်ဒီဘက်လှန်ပေးပြီး နူးအိသွားတဲ့အထိ တည်ထားပါ။

နူးအိသွားပြီဆိုမှ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါကိုတော့ ဂျပန်စတိုင်လ် Enoki Mushroom Meat Roll လို့ခေါ်ပါတယ်။