ချဉ်စပ်အရသာ ကြက်ကြော်စားရတာ ရိုးအီနေပြီ အရသာအသစ်တစ်မျိုးပြောင်းစားချင်တယ်ဆိုတဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး ချိုချဉ်အရသာရှိတဲ့ နာနတ်သီး ကြက်ချိုချဉ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား (သို့) ကြက်ပေါင် ၈၀၀ ဂရမ်
  • ဆန်မှုန့်နှင့် ဂျုံမှုန့် ၆၀ ဂရမ်စီ၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်ပွ ၁ တောင့်(အတုံးခပ်ကြီးကြီး တုံးထားပါ)နှင့် ငရုတ်သီးတောင့် ၁ တောင့်
  • ကြက်သွန်နီ တစ်ခြမ်း (အခွံခွာပြီး အတုံးတုံးထားပါ)နှင့် ကြက်သွန်မြိတ် ၅ ပင် (၅ စင်တီမီတာအရှည်ခန့် လှီးဖြတ်ထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • နာနတ်သီး လေးစိပ် တစ်စိပ်ခန့် (အတုံးခပ်ကြီးကြီးခန့် တုံးထားလိုက်ပါ)
  • သကြားအညိုနှင့် ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်းစီ
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ ၁၀၀ မီလီလီတာနှင့် ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ချိုချဉ်ဆော့စ်တစ်ခု ပြုလုပ်ဖို့ရန်အတွက် ဇလုံအကြီးတစ်လုံးထဲမှာ ခရမ်းချဉ်သီးအနှစ်၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ပျားရည်၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်နှင့် ရေ ၁၀၀ မီလီလီတာတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် သကြားအညို စားပွဲတင်ဇွန်း ၃ ဇွန်းထည့်လိုက်ပါ။ သကြားများ အရည်ပျော်သွားပါက နာနတ်သီးအတုံးများထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် နာနတ်သီးအတုံးများကို ပန်းကန်ပြားထဲ ဆယ်ယူထားလိုက်ပါ။

၃။ ထို့နောက် ထိုဒယ်အိုးထဲသို့ စောစောက စပ်ထားသော ချိုချဉ်ဆော့စ်ထည့်ကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။ ၁ မိနစ်ပြည့်ပါက ပန်းကန်ထဲ ပြန်ပြောင်းထည့်ထားလိုက်ပါ။

၄။ ဂျုံမှုန့်နှင့် ဆန်မှုန့်တို့ကို ပန်းကန်လုံးတစ်ထုံးထဲထည့်ပြီး ရောမွှေထားလိုက်ပါ။ ထို့နောက် အနေတော်အတုံး လှီးထားသော ကြက်သားတုံးများကို ဂျုံမှုန့်အရောအနှေြဖြင့် ကပ်ပေးလိုက်ပါ။

၅။ အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ကာ ကြက်သားတုံးများ ထည့်ကြော်လိုက်ပါ။ ကြက်သားတုံးများ ရွှေညိုရောင်ပြောင်းသွားပါက ဆီစုပ်စက္ကူပေါ် တင်ထားလိုက်ပါ။

၆။ ဒယ်အိုးအသစ်တစ်လုံးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ဆီပူလာါက ကြက်သွန်နီနှင့် ငရုတ်ပွတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်လိုက်ပါ။

၇။ ထို့နောက် ချိုချဉ်ဆော့စ်ထည့်ပြီး ဆော့စ်က ပျစ်သွားပါက နာနတ်သီးနှင့် ကြက်သားကြော်ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။ အိုးပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်ကို အိုးထဲထည့်လိုက်ပါ။

ပြီးရင်တော့ ကြက်သားကို ပန်းကန်ပြားထဲပြောင်းထည့်ကာ အအေးခံပြီးသွားပြီဆိုရင်တော့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Asianfoodchannel.com