နာမည်ကြီး ကြက်ကြော်ဆိုင်တွေက ကြက်ကြော်ကိုမှ စားချင်သူများအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ အလွယ်တကူကြော်လို့ရပြီး အာဟာရပြည့်ဝ အရသာရှိတဲ့ ကြက်တောင်ပံချိုချဉ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ထိုနာမည်ကြီးဆိုင်က ကြက်ကြော်အရသာနဲ့ တူ မတူဆိုတာကို မြည်းစမ်းကြည့်လိုက်ပါဦးနော်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၁ ပေါင်ခွဲ
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဂျုံမှုန့်နှင့် ပြောင်းမှုန့် ၆၄ ဂရမ်စီ
  • ကြက်ဥ ၂ လုံး
  • ဆီ

ချိုချဉ်ဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • Ketchup အနည်းငယ်
  • ပျားရည် ၆၀ မီလီလီတာ
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်တောင်ပံများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ဖတ်ကာ တစ်နာရီခန့် သိပ်ထားလိုက်ပါ။

၂။ ဂျုံမှုန့်နှင့် ပြောင်းမှုန့်တို့ကို ပန်းကန်လုံးတစ်လုံးထဲတွင် သမအောင် ရောမွှေထားပါ။ ကြက်ဥ ၂ လုံးကို အခြားပန်းကန်လုံးထဲတွင် မွှေခလောက်ထားပါ။

၃။ ကြက်တောင်ပံများကို ပထမဦးစွာ ဂျုံမှုန့်အရောအနှောများဖြင့် ကပ်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ပြီးရင်တော့ ဂျုံမှုန့်ဖြင့် ထပ်ကပ်ပေးရပါဦးမယ်။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီများများထည့်လိုက်ပါ။ (ကြက်တောင်ပံများ မြှုပ်သွားသည်အထိ ကြော်ရမှာဖြစ်လို့ ဆီများများလိုအပ်ပါတယ်။) ဆီများပွက်ပွက်ဆူလာပါက ကြက်တောင်ပံများကို ၁၀ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ကြက်တောင်ပံများ ရွှေညိုရောင်ပြောင်းသွားပါက ဆီစုပ်စက္ကူပေါ် တင်ထားလိုက်ပါ။

၅။ မီးအပူချိန်ကို အမြင့်ဆုံးအထိတင်ပြီးနောက် ကြက်တောင်ပံများကို နောက်ထပ် ၅ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၆။ ချိုချဉ်ဆော့စ်ပြုလုပ်ရန်အတွက် အရင်ဦးဆုံး Ketchup ၊ ပျားရည်၊ ဆန်ရှာလကာရည်နှင့် ရေတို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။

၇။ အခြားဒယ်အိုးအသစ်တစ်လုံးကို မီးအေးအေးဖြင့် အပူပေးလိုက်ပါ။ အိုးပူလာပါက ဆီထည့်ကာ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူများထည့်ပြီး ဆီသတ်ပါ။

၈။ ကြက်သွန်ဖြူများ အညိုရောင်ပြောင်းသွားပါက စောစောကဆော့စ်များထည့်ကာ ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။ မတူးဖို့အတွက် မကြာခဏ မွှေပေးရပါမယ်။

၉။ ထို့နောက် မီးကို ပိတ်လိုက်ကာ ကြက်ကြော်တုံးများ ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်တောင်ပံချိုချဉ်ကြော်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com