ငါးဟင်း မကြိုက်ပေမယ့်လည်း ငါးကင်တော့ ကြိုက်တယ်ဆိုတဲ့ အစားအသောက်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ အကင်အနေနဲ့သာမက ငါးပေါင်းအနေနဲ့ပါ လုပ်စားနိုင်တဲ့ ဆော်လမွန်ငါး ချိုချဉ်ဟင်းလျာတစ်ပွဲ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆော်လမွန်ငါး ၄ တုံး
  • ငရုတ်ပွ အနီ ၁ ခု၊ အစိမ်း ၁ ခု (လေးထောင့်အတုံး တုံးထားပါ)
  • နာနတ်သီး တစ်စိပ် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • နံနံပင် အနည်းငယ်
  • နှမ်းစေ့နှင့် ဆားအနည်းငယ်

ချိုချဉ်ဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Ketchup စားပွဲတင်ဇွန်း ၈ ဇွန်း

  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ်ပြုလုပ်ရန်အတွက် (ဆီနှင့် ကြက်သွန်ဖြူမှလွဲ၍) လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပါးပါးလှီးထားသော ကြက်သွန်ဖြူများထည့်ကာ ဆီသတ်ပါ။ ထို့နောက် စောစောကရောမွှေထားသော အရောအနှောများကို အိုးထဲလောင်းထည့်ပြီး မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် သမအောင် ရောမွှေပါ။ ထို့နောက် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။

၃။ အေးသွားတဲ့ဆော့စ်ထဲသို့ နံနံပင်များ ထည့်ကာ သမအောင် မွှေပါ။

၄။ ထို့နောက် ဆော်လမွန်ငါး အတုံး ၄ တုံးကို ခဲဖတ် ၄ ခုပေါ်တွင် ထည့်ထားပါ။ ငရုတ်ပွနှင့် နာနတ်သီးများကို ခဲဖတ်ထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် ဆားအနည်းငယ် ဖြူးပါ။ တစ်ဖန် ချိုချဉ်ဆော့စ်များကို အပေါ်ကနေ ဆမ်းထည့်ပါ။ ထို့နောက် ခဲဖတ်ကို လုံအောင် ပိတ်ထားလိုကပါ။

၅။ ဆော်လမွန်ငါး ထုပ်ထားသော ခဲဖတ်များကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် ၁၂ မိနစ်ခန့် ထည့်ပေါင်းနိုင်သလို အကင်မီးဖိုပေါ်တွင် ကင်ပေးလိုက်လို့လည်း ရပါတယ်။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဆော်လမွန်ငါးချိုချဉ်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။ နှမ်းစေ့များ ဖြူးကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Picturetherecipe.com