တို့ဟူးကို ဒီတိုင်းကြော်စားရတာရိုးပါတယ်။ တစ်ခါတစ်လေကျရင် အသစ်အဆန်းလေးတွေ လုပ်စားရတာက ပိုစားလို့ကောင်းပါတယ်။ ဒီတစ်ခါမှာတော့ တို့ဟူးကို အရသာပိုရှိသွားအောင် ဟင်းသီးဟင်းရွက်တွေနဲ့ ချိုချဉ်ကြော်လို လုပ်စားလို့ရမယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ အစပ်ကြိုက်တဲ့သူတွေအတွက် အစပ်အရသာလေးလည်း ထည့်လုပ်မှာပါနော်။ ဒီမှာသုံးမယ့်တို့ဟူးကတော့ မြန်မာတို့ဟူးအဝါတွေ မဟုတ်ပါဘူးနော်။ တို့ဟူးနေရာမှာ ပဲပြားကို အစားထိုးလို့လည်းရပါတယ်။

ပထမဆုံးအနေနဲ့ တို့ဟူး – ၂ တုံးကို အတုံးသေးလေးတွေ လှီးပါမယ်။ လှီးပြီးသွားရင် ပန်းကန်လုံးထဲ ပြောင်းထည့်ပါ။

တို့ဟူးထည့်ထားတဲ့ပန်းကန်လုံးထဲကို ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငရုပ်ကောင်းမှုန့် (Black Pepper) – လက်ဖက်ရည်ဇွန်း တစ်ဝက်စာနဲ့ ဆား – အနည်းငယ် ထည့်ပါ။ တို့ဟူးက ပျော့တဲ့အတွက် လက်နဲ့နယ်လိုက်ရင် ပဲ့သွားမှာမို့ ပန်းကန်းကိုပဲလှုပ်ပြီး သမအောင်လုပ်ပါ။ ပြီးမှ ဇွန်းနဲ့ ဖြေးဖြေးချင်းနယ်လိုက်ပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပါ။ ပြီးရင် နယ်ထားတဲ့ တို့ဟူးအတုံးလေးတွေကို ထည့်ကြော်ပါ။ အရမ်းကျွတ်နေအောင် မကြော်ရပါဘူးနော်။ ၅ မိနစ်လောက်ကြော်ပြီး အရောင်လေးပြောင်းသွားရင် ရပါပြီ။ ကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ထားပါ။

ဒယ်အိုးထဲကို ထပ်ပြီး ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပါ။ နုတ်နုတ်ဆင်းထားတဲ့ဂျင်း – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး စက္ကန့် ၃၀ လောက်မွှေပေးပါ။

လှီးထားတဲ့ကြက်သွန်မြိတ် – အနည်းငယ်နဲ့ လှီးထားတဲ့ကြက်သွန်နီ – အနည်းငယ်ကိုထည့်ပြီး မွှေပေးပါ။ လှီးထားတဲ့ ပန်းမုန်လာ (Broccoli) – အနည်းငယ်နဲ့ လှီးထားတဲ့ ပန်းငရုပ် – အနည်းငယ်ကိုလည်း ထည့်မွှေပါ။

ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ခရမ်းချဉ်သီး (Ketchup) ဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ Chilli ဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရှာလကာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက် ကိုထည့်ပြီး မွှေပေးပါ။

မွှေပြီးတာနဲ့ ခုနကကြော်ထားတဲ့ တို့ဟူးကို ထည့်မွှေပါ။ သေချာသမအောင်မွှေပြီးရင်တော့ ကြက်သွန်မြိတ်ကို နည်းနည်းထပ်ထည့်ပြီး မွှေပေးပါ။

ခဏလောက်မွှေပြီးတာနဲ့ ရသွားပြီမို့ ပန်းကန်ပြားထည့်ထည့်ပြီး ထမင်းနဲ့ အသင့်စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ တို့ဟူးကြော် စပ်စပ်လေးကို ကြော်ပြီးသွားပါပြီ။

Photo Source: www.sweet&spicy.com