အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း ချက်နည်းကို နိုင်ငံအမျိုးမျိုး၊ ဒေသအမျိုးမျိုးအလိုက် ချက်နည်းအစုံအလင်ကို ဝေမျှပေးခဲ့ပြီးသွားပါပြီနော်။ ဒီတစ်ခါမှာတော့ အရင်က ဟင်းချက်နည်းတွေနဲ့မတူတဲ့ ထိုင်ဝမ်စတိုင်လ် ကြက်သားဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အရိုးမပါသော ကြက်သား ၁ ပေါင် (အတုံးခပ်သေးသေး တုံးထားပါ)
- ဂျင်းပြား ၅ ပြား၊ ၆ ပြားခန့်
- ကြက်သွန်ဖြူ ၁ ဥ (အခွံခွာထားပါ)
- ကြက်သွန်မြိတ် ၂ ပင် (အရှည်လိုက် လှီးဖြတ်ထားပါ)
- ငရုတ်သီးတောင့် အခြောက် ၄ တောင့်
- ပူစီနံရွက် လက်တစ်ဆုပ်စာခန့်
- နှမ်းဆီ ၆၀ မီလီလီတာ
- ဟင်းချက်ဝိုင် ၆၀ မီလီလီတာ
- ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ သကြားတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။
၂။ နှမ်းဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပြီးနောက်မှာ ဂျင်းပြားများထည့်ပြီး ၃ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်ဥများ ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်မြိတ်နှင့် ငရုတ်သီးတောင့်များထည့်ပြီး အနံ့မွှေးလာသည်အထိ မွှေပေးလိုက်ပါ။
၃။ ဒယ်အိုးကို မီးအပူချိန်လျော့ပေးပြီးတဲ့နောက်မှာ ကြက်သားများထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ ထို့နောက် အဆင့် (၁) က မွှေထားသော ဟင်းချက်ဝိုင်အရောအနှောကို ဒယ်အိုးထဲထည့်ပြီး ဆူပွက်လာသည်အထိ တည်ပေးလိုက်ပါ။
၅။ ဟင်းရည်က ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ စားသုံးခါနီးကျမှ ပူစီနံရွက်လေး ထည့်ကာ မွှေပေးလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်ဝမ်စတိုင်လ် ကြက်သားဟင်းလေး ရရှိသွားပါပြီ။
Source: Spicetheplate.com