အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း ချက်နည်းကို နိုင်ငံအမျိုးမျိုး၊ ဒေသအမျိုးမျိုးအလိုက် ချက်နည်းအစုံအလင်ကို ဝေမျှပေးခဲ့ပြီးသွားပါပြီနော်။ ဒီတစ်ခါမှာတော့ အရင်က ဟင်းချက်နည်းတွေနဲ့မတူတဲ့ ထိုင်ဝမ်စတိုင်လ် ကြက်သားဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးမပါသော ကြက်သား ၁ ပေါင် (အတုံးခပ်သေးသေး တုံးထားပါ)
  • ဂျင်းပြား ၅ ပြား၊ ၆ ပြားခန့်
  • ကြက်သွန်ဖြူ ၁ ဥ (အခွံခွာထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (အရှည်လိုက် လှီးဖြတ်ထားပါ)
  • ငရုတ်သီးတောင့် အခြောက် ၄ တောင့်

  • ပူစီနံရွက် လက်တစ်ဆုပ်စာခန့်
  • နှမ်းဆီ ၆၀ မီလီလီတာ
  • ဟင်းချက်ဝိုင် ၆၀ မီလီလီတာ
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ သကြားတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၂။ နှမ်းဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပြီးနောက်မှာ ဂျင်းပြားများထည့်ပြီး ၃ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်ဥများ ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်မြိတ်နှင့် ငရုတ်သီးတောင့်များထည့်ပြီး အနံ့မွှေးလာသည်အထိ မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးကို မီးအပူချိန်လျော့ပေးပြီးတဲ့နောက်မှာ ကြက်သားများထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် အဆင့် (၁) က မွှေထားသော ဟင်းချက်ဝိုင်အရောအနှောကို ဒယ်အိုးထဲထည့်ပြီး ဆူပွက်လာသည်အထိ တည်ပေးလိုက်ပါ။

၅။ ဟင်းရည်က ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ စားသုံးခါနီးကျမှ ပူစီနံရွက်လေး ထည့်ကာ မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်ဝမ်စတိုင်လ် ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Spicetheplate.com