အားလပ်ရက် စနေနေ့မှာ ချဉ်ပြုံးပြုံးနဲ့ အမူး ၊ အတောက် ၊ အအီ ပြေစေပြီး ဟင်းအတော် များများနဲ့ တွဲဖက် စားလို့ကောင်းတဲ့ မန်းကျည်းရွက် ဆီကျန် ရေကျန်ဟင်းလေးကို ချက်စားကြရအောင်နော်။

လိုအပ်သောပစ္စည်းများ

  • မန်ကျည်းရွက် အနုလေးများ
  • ပုစွန်ခြောက်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မြိတ်ငါးပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်
  • ခရမ်းချဉ်သီး အမှည့် – ၂ လုံး
  • ကြက်သွန်အနီ – ၁ ဥ
  • ဗမာကြက်သွန်ဖြူ – ၁၀ မွှာ
  • ယိုးဒယား ငံပြာရည်
  • ဆား
  • မြေပဲဆီ – ထမင်းစားဇွန်း ၂ ဇွန်း

ချက်ပြုတ်နည်း

  1. မန်ကျည်းရွက် အနုလေးများကို ရေသန့်စင်အောင် ဆေးထားပါ။ ကြက်သွန်ဖြူနီ အထောင်းကို ရွှေဝါရောင်သနိး လာသည် အထိ ဆီသတ်ပါ။ ကြက်သွန် ဆီသတ် ရလျှင် ငါးပိ ထည့်ပြီး အနံ့ပျောက်သည် အထိ ဆီသတ်ပါ။
  2. ရေဖျော်ထားတဲ့ အရောင်တင်မှုန့် အနှစ်ကို ဆီသတ်တဲ့ အထဲ ရောထည့်ပါ။ ခရမ်းချဉ်သီး ပါးပါးလှီး ထားတာကို ဆားထည့်ပြီး ခရမ်းချဉ်သီး အနှစ်ကြေသည်အထိ ကြော်ပေးပါ။
  3. ဆီသန့် အနှစ်များ ရလာလျှင် ပုစွန်ခြောက်မှုန့် ထည့်ပါ။  မန်ကျည်းရွက် ထည့်ပါ။
  4. ယိုးဒယား ငံပြာရည် မိမိ လိုသလောက် ထည့်ပါ။ ရေနွေး အနည်းငယ် ရောပြီး ဆူလာလျင် စားလို့ ရပါပြီ။

မန်းကျည်းရွက် အနုလေးတွေက အခုလို မိုးရာသီမှ လှိုင်လှိုင် ထွက်တဲ့ ရာသီစာလေးပါ။ ဆီကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် တမင် နည်းနည်း ထည့်ချက် ထားပါတယ်။  ကျမဝယ်တာ မန်ကျည်းရွက် ၃၀၀ ဖိုးကို ကျွတ်ကျွတ်အိတ်သေး တစ်လုံးနဲ့ အပြည့် အမောက် ရပါတယ်။ အကုန်အကျလည်း သက်သာ ချက်ရတာလည်း မြန်ဆန် လွယ်ကူတဲ့ဟင်း ဖြစ်တာကြောင့် နေ့စဉ် ထမင်းချိုင့် ထုတ်နေရတဲ့ ရုံးဝန်ထမ်းတွေ အတွက် အဆင်ပြေ လှပါတယ်။ မန်ကျည်းရွက် ဆီကျန်ရေကျန်ဟင်းကို ကြက်ဥခေါက်ကြော်လေးနဲ့ပဲ စားစား ၊ ဝက်သားနီချက်လေးနဲ့ပဲ စားစား အင်မတန် လိုက်ဖက်ပြီး စားလို့မြိန်စေပါတယ်။

Credit: Warr Tee