မိုးရာသီမှာ လှိုင်လှိုင်ထွက်တဲ့ ငရုတ်သီးစိမ်းလေးတွေနဲ့ ခပ်စပ်စပ်လေး ချက်စား ရအောင်နော် ။   ငရုတ်သီးစိမ်း အမျိုးအစားတွေက မိုးမျှော် ၊ ကုလားအော် စသည်ဖြင့် အမျိုးမျိုးရှိတဲ့ အထဲက ကျမကတော့ ရှမ်းပြည်နယ်ကထွက်တဲ့ ရှမ်းငရုတ်သီးကို သုံးထားပါတယ်နော်။

လိုအပ်သောပစ္စည်းများ

  • ငရုတ်သီးစိမ်း – ဟင်းပန်းကန်လုံး ၁ လုံးစာ
  • ဗမာကြက်သွန်ဖြူ – ၁ ဥ
  • ကြက်သွန်နီ – အသေး ၄ လုံး
  • ပုစွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
  • မြိတ်ငါးပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲဆီ အနည်းငယ်

ချက်ပြုတ်နည်း

  1. ငရုတ်သီးစိမ်းများကို ရေစင်အောင် ဆေးပြီး ဆားထည့်၍ ကြေညက်အောင် ကြိတ်ပေးပါ။ ငရုတ်ဆုံ သုံးပြီး ထောင်းလည်း ရပါတယ်။ ဗမာ ကြက်သွန်ဖြူကို အပေါ်ယံ အခွံမာ သာခွါပြီး အခွံပါးပါ ကျေညက်သည် အထိ ထောင်းပါ။
  2. ကြက်သွန်နီ ၊ ပုဇွန်ခြောက်မှုန့်များပါ တစ်ခါတည်း ထည့်ထောင်းပါ။ မြိတ်ငါးပိကို ရေနွေး အနည်းငယ်ဖြင့် ရောပြီး ဖျော်ထားပါ။
  3. ထောင်းထားတဲ့ ကြက်သွန်ဖြူ နီ ၊ ပုဇွန်ခြောက် အရောထောင်းကို ဆီ အနေတော် ထည့်ထားတဲ့ ဒယ်အိုးထဲမှာ Medium Heat ဖြင့် ရွှေညိုရောင် သန်းပြီး မွှေးလာသည် အထိ ကြော်ပေးပါ။ ကြက်သွန်ဖြူ နီ ဆီသတ်တာ ရွှေညိုရောင်သန်းပြီ ဆိုတာနဲ့ ငါးပိရည်ဖျော်ကို ထည့်ပြီး ငါးပိအနံ ပျောက်သည်အထိ မွှေကြော်ပေးပါ။
  4. ထောင်းထားတဲ့ ငရုတ်သီးစိမ်းများ ထည့်ပါ။ ယိုးဒယားငံပြာရည် ထည့်ပါ။ ငရုတ်သီးများ အနည်းငယ်နွမ်းလာလျင် ချလို့ရပါပြီ။
  5. ငရုတ်သီးထောင်းတဲ့ နေရာမှာ ဆားထည့် ထောင်းတာ ငရုတ်သီးရဲ့ အရောင် မည်းမသွားအောင်ပါ။  ဆားထည့်ပြီး ထောင်းရင် ငရုတ်သီးစိမ်းက စိမ်းစိမ်းလေး ဖြစ်မြဲဖြစ်နေပါတယ်။  ငရုတ်သီးစိမ်းထောင်းကြော်ကို ဘူးသီးချဉ်ရည်ဟင်း၊ ဗမာကြက်သားကြော် ပူပူလေး စတာတွေနဲ့ တွဲဖက် စားလို့ ကောင်းပါတယ်။