သရေစာမုန့်၊ အစာပြေမုန့်စားရတာကို ကြိုက်တဲ့သူတွေအတွက် ကလေးလူကြီးမရွေးစားသုံးနိုင်တဲ့ အရသာရှိသော Cheesy Egg Crepes ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ချိစ်ကြိုက်သူတွေ၊ ကြက်ဥကြိုက်သူတွေဆိုရင်လည်း ဒီမုန့်ကို ကြိုက်ကြမှာ သေချာပါတယ်။ တစ်ခါတစ်လေ မိသားစုနဲ့အတူ အသစ်အဆန်းလေးတွေ လုပ်စားရတာလည်း ပျော်စရာကောင်းပါတယ်နော်။

ပထမဆုံးအနေနဲ့ အထဲမှာထည့်တဲ့ အစာလုပ်ဖို့ ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်နီ အနည်းငယ်ကိုထည့်ပါမယ်။ ပြီးတာနဲ့ ဆား အနည်းငယ်ထည့်ပြီး ၂ မိနစ်လောက် မွှေနေပေးပါ။

အချိန်ပြည့်ရင် ရေ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ Cumin အမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပြီး ၂ မိနစ်လောက် မွှေပေးပါ။

အချိန်ပြည့်ရင် ကြက်ဥ ၂ လုံးဖောက်ထည့်ပြီး ထပ်မွှေပါ။ ၅ မိနစ်လောက်မွှေနေပေးပါ။ အချိန်ပြည့်ရင် ကြက်သွန်မြိတ် နည်းနည်းလှီးထည့်ပြီး ၂ မိနစ်လောက် ထပ်မွှေပါ။ ပြီးရင်တော့ မီးပိတ်ပြီး ခူးထုတ်ထားလိုက်ပါ။

ပန်းကန်လုံးတစ်လုံးထဲကို ကြက်ဥ ၁ လုံး ဖောက်ထည့်ပြီး ဆား အနည်းငယ်ထည့်ကာ ခလောက်ပေးပါ။ ပြီးတာနဲ့ အသင့်သောက်နွားနို့ – ၁ ခွက်ထည့်ပြီး ခလောက်တဲ့အတံလေးနဲ့ ခလောက်ပေးပါ။

ဂျုံမှုန့် – ခွက်တစ်ခွက်စာ ထည့်ပြီး ခလောက်ပါ။ ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ထပ်ခလောက်ပါ။

အားလုံးပြီးပြီဆိုရင်တော့ ဒယ်အိုးထဲကို brush နဲ့ ဆီနည်းနည်းသုတ်ပြီး ခလောက်ထားတာတွေကို ယူပြီးထည့်ပါ။

သင့်တော်သလောက်ပဲထည့်ပြီး ပုံမှာပြထားတဲ့အတိိုင်း အပြားလေးဖြစ်အောင် လုပ်ရပါမယ်။ ဟိုဘက်ဒီဘက်လှန်ပေးပါ။ ပြီးရင် ပန်းကန်ထဲ ခူးထုတ်ထားပါ။

အားလုံးလုပ်ပြီးတာနဲ့ ကြော်ထားတဲ့ တစ်ပြားကိုယူပြီး အပေါ်ကနေ Mozzarella Cheese – အနည်းငယ်တင်ပါ။ ခုနက အစာအဖြစ်နဲ့ ကြော်ထားတဲ့ ကြက်ဥတွေကို သင့်တော်သလောက်တင်ပါ။ အပေါ်ကနေမှ Mozzarella Cheese ထပ်တင်ပါ။

ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း ၄ ခေါက် ခေါက်ထုပ်ပါ။ အိုးထဲကို ဆီနည်းနည်းထည့်ပြီး ကြော်ပါ။ ဟိုဘက်ဒီဘက်လှန်ကြော်ပေးပြီး အရောင်ပြောင်းလာပြီဆိုရင်တော့ ရပါပြီ။

အားလုံးကြော်ပြီးရင်တော့ ကိုယ်နှစ်သက်ရာအချဉ်နဲ့တို့ပြီး စားနိုင်ပါပြီ။ ဒါဆိုရင်တော့ ကလေးလူကြီးမရွေး စားသုံးနိုင်တဲ့ အရသာရှိသော Cheesy Egg Crepes ကို ရရှိသွားပါပြီ။

Source: www.toasted