ရာသီဥတုအေးတဲ့အချိန်မှာ ထမင်းစားရင် အရည်ဟင်းလေးတစ်ခွက်ပါမှ ပိုစားလို့ကောင်းတာဆိုတော့ ကြက်စွပ်ပြုတ်ပူပူ စပ်စပ်လေး လုပ်သောက်ရင် ရှယ်ပဲနော်။ အစပ်မကြိုက်ရင်တော့ ငရုပ်သီးမထည့်ရုံပဲပေါ့။ အရသာကိုလည်း ပိုပြီးထူးခြားကောင်းမွန်စေဖို့ နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

ကြက်စွပ်ပြုတ်ဆိုတော့ ကြက်တောင်ပံလေးထည့်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် လူများရင် ကြက်တောင်ပံများများသာဝယ်ပြီး ပန်းကန်လုံးထဲထည့်ပါ။ ကြက်ခြေထောက်ထည့်ချင်လည်း ရပါသေးတယ်။ ပြီးရင်တော့ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်နယ်ပါ။

နယ်ပြီးရင် အိုးထဲကို ရေထည့်ပြီး ပြုတ်ပါ။

ကြက်သွန်နီကို အတုံးကြီးကြီးလှီးပြီး ထည့်ပါမယ်။ ကြက်သွန်ဖြူအတက်ကြီး ၅ တက်ကိုလည်း ထည့်ပါမယ်။

ပါးပါးလှီးထားတဲ့ ဂျင်းတွေကိုလည်း ၇ ဖက်လောက် ထည့်ပါမယ်။ စပါးလင် တစ်ပင်ကိုလည်း လေးပိုင်း ပိုင်းပြီး ထည့်ပါမယ်။ သံပုရာရွက်ကိုလည်း ၅ ရွက်လောက် ထည့်ပါမယ်။ နနွင်းတက်ကိုလည်း ပါးပါးလေးလှီးပြီး ၅ ဖက်လောက် ထည့်ပါမယ်။ အားလုံးထည့်ပြီးရင်တော့ တည်ထားလိုက်ပါ။

ပွက်ပွက်ဆူလာရင် မန်းကျည်းရည်ကို စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းထည်းပါမယ်။ ဆား အနည်းငယ်ထည့်ပြီး စပ်စပ်လေးစားချင်ရင် ငရုပ်စိမ်းကို ထောင်းပြီး ထည့်ပါမယ်။

ကြက်သားနူးပြီဆိုရင်တော့ အရသာအပေါ့အငံမြည်းပြီး ကိုယ်စားမယ့်ပန်းကန်ထဲ ခူးထည့်ပါ။ ပြီးရင်တော့ ထမင်းနဲ့လည်း တွဲဖက်စားသုံးနိုင်သလို ဒီတိုင်းလေး အရည်သောက်လိုက်၊ ကြက်သားလေးစားလိုက်နဲ့လည်း စားသုံးနိုင်ပါပြီ။

Photo Source: www. pailin’skitchen.com