ကြက်ချိုချဉ်ကြော်တို့၊ ဝက်ချိုချဉ်ကြော်တို့ဆိုရင် ကြိုက်တဲ့သူများမယ်လို့ ထင်ပါတယ်။ တော်တော်များများကတော့ ကြက်ချိုချဉ်ကြော်ပဲ လုပ်စားကြတာများလို့ ဒီတစ်ခါမှာတော့ ဝက်ချိုကြော်လုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ပုံမှန်အိမ်မှာလုပ်စားနေကျထက် ပိုပြီးစားကောင်းအောင်၊ စားချင်စဖွယ်လေးပိုဖြစ်အောင် ဘယ်လိုကြော်ရမလဲဆိုတဲ့ နည်းလမ်းကိုပါ မျှဝေပေးလိုက်ပါတယ်နော်။

ဝက်ချိုချဉ်ကြော်လုပ်ဖို့အတွက် ဝက်သား – ၂၀၀ ဂရမ်ကို တစ်လက်မစာအတုံးလေးတွေ တုံးပြီး ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ ပြီးတာနဲ့ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းဂျုံ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥ – ၁ လုံး ဖောက်ထည့်ပြီး သမအောင်နယ်ပါ။ နယ်ပြီးရင် မိနစ် ၂၀ လောက် နှပ်ထားလိုက်ပါ။

ပြောင်းဂျုံတွေကို ပန်းကန်လုံးကြီးထဲ ထပ်ထည့်ထားပါ။ ပြီးတာနဲ့ ခုနကနယ်ပြီး နှပ်ထားတဲ့ ဝက်သားတွေကို ထည့်ပြီးနယ်ပါ။ နယ်ပြီးရင် တစ်တုံးချင်းစီကို ဒယ်အိုးထဲ ထည့်ကြော်ပါ။ ကြော်ပြီးရင် ပန်းကန်ထဲ ခူးထုတ်ထားပါ။

နောက်ထပ်ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူကို စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပြီး မွှေပါ။ ပန်းငရုပ်ပွ အနီ – ၁ လုံး၊ အစိမ်း – ၁ လုံးကိုလည်း အဆင်ပြေသလောက်လေးလှီးပြီး ဒယ်အိုးထဲထည့်ကြော်ပါ။ သေးသေးလေးလှီးထားတဲ့ နာနတ်သီး – အနည်းငယ်ကိုလည်း ထည့်ကြော်ပါ။

သကြားကို ပန်းကန်လုံးအသေး ၁ လုံးစာလောက် ထည့်ပါ။ Rice Vinegar – ပန်းကန်လုံးအသေး တစ်ဝက်စာနဲ့ Ketchup ဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်းစာတို့ကို ထည့်မွှေပါ။ ပြီးရင်တော့ ခုနကကြော်ထားတဲ့ ဝက်သားတွေကိုပါ ထည့်မွှေပါ။

ခဏလောက်မွှေပြီးတာနဲ့ ရပြီမို့ ကိုယ်စားမယ့်ပန်းကန်ထဲကို ခူးထည့်ပါ။ ပြီးရင်တော့ အပေါ်ကနေ နှမ်း နည်းနည်းဖြူးပြီး ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ စားချင်စဖွယ်နဲ့ ပုံမှန်လုပ်စားနေကျထက် ပိုအရသာရှိတဲ့ ဝက်ချိုချဉ်ကြော်ကို ရရှိသွားပါပြီ။

Photo Source: www.tasty.com