အားလုံးပဲ မင်္ဂလာပါ။ ပင်စိမ်းရွက် ထည့်အုပ်ထားတဲ့ မည်သည့်ဟင်းလျာမဆို ဟင်းအနံ့က မွှေးကြိုင်ပြီး အရသာလည်း အင်မတန်ကောင်းမွန်လှပါတယ်။ စာဖတ်သူတို့က မယုံဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ပင်စိမ်းရွက် ကြက်သားဟင်းလျာကို မိမိအိမ်မှာပဲ အလွယ်တကူချက်စားရင်း အဖြေရှာကြည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်ရင်အုံသား ၅၀၀ ဂရမ် (အတုံးသေးသေး တုံးထားပါ)
  • ပင်စိမ်းရွက် ၂၀ ဂရမ် (ပန်းကန်လုံးတစ်လုံးစာခန့်)

  • ငရုတ်သီးတောင့် ၆ တောင့် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲနှင့် ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရောနှောကာ ပြောင်းမှုန့်ရည် ပြုလုပ်ထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။

၂။ ကြက်သွန်နီက ပျော့သွားပါက ကြက်သားတုံးများထည့်ကာ ကြက်သားတုံးများ ကျက်သည်အထိ မွှေကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ခရုဆီ၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သကြားနှင့် ငရုတ်သီးတောင့်တို့ထည့်ကာ သမအောင် ရောကြော်လိုက်ပါ။

၄။ ပြောင်းမှုန့်ရည်နှင့် ရေတို့ထည့်ပြီး အရည်ခမ်းလာသည်အထိ တည်ထားလိုက်ပါ။ အရည်ခမ်းသွားပြီဆိုရင်တော့ ပင်စိမ်းရွက်လေးထည့်ကာ စက္ကန့် (၃၀) ခန့် မွှေပေးလိုက်ပါ။ ထို့နောက် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ပင်စိမ်းရွက်အနံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ ကြက်သားဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Tasteasianfood.com