အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါဖော်ပြပေးမယ့် ဟင်းချက်နည်းလေးကတော့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သားကို အုန်းနို့နဲ့ထည့်ချက်မယ့် ဟင်းချက်နည်းလေးပဲ ဖြစ်ပါတယ်။

ကြက်သားဟင်းကို အဖြူထည်ချက်၊ အစပ်ချက်နဲ့ စားရတာ ရိုးအီနေပြီဆိုရင် အုန်းနို့ကြက်သားဟင်းလေး ချက်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် (သို့) ကြက်ရင်အုံသား ၂ ပေါင်ခန့် (တစ်လက်မခွဲ အတုံးလေးတွေ တုံးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • နှစ်လက်မပတ်လည် ဂျင်းတုံး (ပါးပါးလှီးထားပါ)
  • ထောပတ်သီးအဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
  • အုန်းနို့ ၄၅၀ မီလီလီတာခန့်
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပင်စိမ်းရွက် ၅ ရွက်ခန့်
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • တရုတ်နံနံ၊ သံပုယိုသီး အနည်းငယ် (အလှဆင်ဖို့ရန်အတွက်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ဆားဖြင့် သမအောင် နယ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး စက္ကန့် ၃၀ ခန့် ဆီသတ်ရပါမယ်။

၃။ ထို့နောက် ကြက်သားတုံးများထည့်ကာ ၅ မိနစ်ခန့် ချက်လိုက်ပါ။

၄။ ကြက်သားအိုးထဲသို့ အုန်းနို့၊ ငရုတ်နှစ်၊ ခရမ်းချဉ်သီးအနှစ်၊ ပျားရည်၊ ပင်စိမ်းရွက်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်လိုက်ပါ။ မီးအပူချိန်ကို လျော့လိုက်ပြီး ၁၅ မိနစ်ခန့် အဖုံးဖွင့်လျက်သား တည်ထားလိုက်ပါ။

၅။ ၁၅ မိနစ်ပြည့်သွားပြီဆိုရင်တော့ အနံ့အရသာ ထူးကဲကောင်းမွန်တဲ့ အုန်းနို့ကြက်သားဟင်းလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

ထမင်းပူပူလေးပေါ် ဆမ်းပြီး စားတဲ့အခါကျမှ တရုတ်နံနံလေးဖြူး၊ သံပုရာသီးလေး ညှစ်ထည့်ပေးလိုက်ပါ။ ဆွေးမျိုးမေ့သွားမယ့်အရသာလေးကို မြည်းစမ်းသုံးဆောင်ကြည့်နိုင်ပါပြီ။

Source: Ifoodreal.com