ချဉ်စပ်အရသာမှာ နာမည်ကြီးတာကတော့ ထိုင်းအစားအစာတွေပဲဖြစ်ပါတယ်။ ထိုင်းစတိုင်လ် သင်္ဘောသီးထောင်း၊ သရက်သီးသုပ်၊ တုန်ယမ်းဟင်းချို စသည်ဖြင့် နာမည်ကြီး လူကြိုက်များပါတယ်။

ဒီရာသီက သရက်ကင်းလေးတွေ ပေါ်ကာစဖြစ်နေပြီဆိုတော့ ချဉ်ချဉ်စပ်စပ် သရက်သီးသုပ် အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မမှည့်သေးသော သရက်သီးအစိမ်း ၂ လုံး
  • ပဲပင်ပေါက်ပန်းကန်လုံး၂ လုံးစာ(၂၀၀ ဂရမ်)
  • တရုတ်နံနံ ၅၀ ဂရမ်
  • ကြက်သွန်မြိတ် ၃ ပင်၊ ၄ ပင်ခန့်
  • မြေပဲ လက်တစ်ဆုပ်စာနှင့် ပူစီနံရွက် အနည်းငယ်

အသုပ်အတွက် လိုအပ်သော အချဉ်ရည်

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သံပုရည်သီး ၁ လုံး
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး အချဉ်စပ်ရပါမယ်။

ပန်းကန်လုံးတစ်လုံးထဲမှာ ငါးငံပြာရည်၊ သကြားညို၊ ငရုတ်သီးအနှစ်တို့ကို သမအောင် ရောမွှေပြီးနောက် သံပုရာရည်ညှစ်ထည့်လိုက်ပါ။ (ငရုတ်နှစ် မသုံးချင်ပါက ငရုတ်သီးမှုန့် အသုံးပြုနိုင်ပါတယ်)

သရက်သီးကို အခွံခွာကာ ခြစ်ခုံအသုံးပြုပြီး သရက်ချောင်းများရအောင် ခြစ်ချလိုက်ပါ။

ရရှိလာသော သရက်ချောင်းများကို ပန်းကန်ပြားတစ်ခုထဲထည့်ကာ ပဲပင်ပေါက်၊ ပါးပါးလှီးထားသော တရုတ်နံနံနှင့် ကြက်သွန်မြိတ်တို့ ထည့်ပါ။ (ပိုပြီး အရသာကောင်းမွန်ချင်ပါက ပဲပြားကြော် (သို့) ကြက်သားကြော် (သို့) ပုစွန်တို့ ထပ်ထည့်နိုင်ပါတယ်)

ထို့နောက် စောစောက စပ်ထားသော အချဉ်ရည်ကို သရက်သီးပေါ်သို့ လောင်းချလိုက်ပါ။ အရသာ အပေါ့အငန်မြည်းကြည့်ပြီးနောက် အရမ်းငန်နေလျှင် (သို့) ချိုနေလျှင် သံပုရာရည်အနည်းငယ် ထပ်ညှစ်ထပ်လိုက်ပါ။

ထို့နောက် တစ်ယောက်စာပန်းကန်ပြားထဲသို့ထည့်ကာ ပူစီနံရွက်နှင့် မြေပဲဖြူးကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: thespruceeats.com