အားလုံးပဲ မင်္ဂလာပါ။ သင်္ဘောသီးသုပ် စပ်စပ်လေး စားချင်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် သင်္ဘောသီးသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၃ မြွှာ (အခွံခွာထားပါ)
  • ငရုတ်သီး ၂ တောင့်
  • မြေပဲ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

  • မမှည့်သေးသော သင်္ဘောသီးစိမ်း တစ်လုံး
  • သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ပဲတောင့်ရှည် ၄ တောင့် (အနေတော်အရှည်ခန့် လှီးဖြတ်ထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (အတုံးခပ်သေးသေး တုံးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သင်္ဘောသီးကို အခွံခွာပြီးနောက် အချောင်းလိုက် ပါးပါးလှီးဖြတ်ထားပါ။ ထို့နောက် ရေခဲရေထဲတွင် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ ရေခဲရေထဲတွင် စိမ်ထားနေချိန်မှာ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်ကို ပါးပါးလှီးထားပါ။ မြေပဲကိုတော့ စဉ်းနီတုံးပေါ်တင်ပြီး ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်နှင့် မြေပဲတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ဆား၊ သကြား၊ သံပုယိုရည်၊ ငါးငံပြာရည်တို့ဖြင့် သမအောင် ရောမွှေထားလိုကပါ။

၃။ အနေတော်လှီးဖြတ်ထားသော ပဲတောင့်ရှည်ကို ဓားဖြင့် ပြားသွားအောင် ဖိပေးလိုက်ပါ။ ထို့နောက် စောစောက ပန်းကန်လုံးထဲထည့်လိုက်ပါ။ ခရမ်းချဉ်သီးကိုလည်း ထိုပန်းကန်လုံးထဲ ထည့်လိုက်ပါ။

၄။ နောက်ဆုံးအနေနဲ့ အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ သင်္ဘောသီးကို ပန်းကန်လုံးထဲထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် သင်္ဘောသီးထောင်းလေး ရရှိသွားပါပြီ။ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Thewoksoflife.com