အခုဆိုရင် သရက်ပင်ပေါ်မှာ သရက်သီးတွေ လှိုင်လှိုင်သီးတဲ့အချိန် ရောက်လာပြီဆိုတော့ သရက်သီးခူးစားလို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ မမှည့်သေးတဲ့ သရက်သီးအစိမ်းတွေကိုလည်း မှည့်လာတဲ့အထိ စောင့်ဖို့ စိတ်မရှည်တော့ဘူးဆိုရင်တော့ အစိမ်းအတိုင်းလုပ်စားလို့ရတဲ့ ထိုင်းစတိုင်လ် သရက်သီးသုပ်လေး လုပ်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • မမှည့်သေးသေး သရက်သီး အကြီး ၁ လုံး
  • ငရုတ်သီး အပွ ၁ တောင့်နှင့် ရိုးရိုးငရုတ်သီး ၁ တောင့်
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • မြေပဲ (သို့) သီဟိုဠ်စေ့ လက်တစ်ဆုပ်စာခန့်
  • ဆလပ်ရွက်အနည်းငယ်နှင့် ပင်စိမ်းရွက်အနည်းငယ်

အချဉ်ဆမ်းရန်

  • သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ဓားဖြင့် ပြားနေအောင် ဖိထားလိုက်ပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန် နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဓားထက်ထက် တစ်ချောင်း အသုံးပြုပြီး သရက်သီး၊ ငရုတ်သီးနှင့် ဆလပ်ရွက်တို့ကို ပါးပါးလှီးထားပါ။

၂။ အချဉ်ဆမ်းရန်အတွက် ပန်းကန်လုံးတစ်လုံးထဲတွင် သံပုရာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ သကြားနှင့် ငရုတ်ကောင်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သရက်သီး၊ ငရုတ်သီး၊ ဆလပ်ရွက်၊ ကြက်သွန်မြိတ်တို့ကို သမအောင် ရောနယ်လိုက်ပါ။ စောစောက စပ်ထားသော အချဉ်များကို သရက်သီးပန်းကန်ထဲသို့ လောင်းချပြီး သမအောင် သုပ်လိုက်ပါ။ နောက်ဆုံးအဆင့်ကျမှ မြေပဲဖြူးပြီးနောက် ပင်စိမ်းရွက်အနည်းငယ် ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့လည်းမွှေး ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာလည်းရှိတဲ့ ထိုင်းစတိုင်လ် သရက်သီးသုပ်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: lazycatkitchen.com