အားလုံးပဲ မင်္ဂလာပါ။ အသားလုံးကြော် ပြုလုပ်နည်းတွေကို MyFood Myanmar မှာ ဝေမျှဖူးခဲ့တာကို မှတ်မိကြရဲ့လား မသိဘူးနော်။ ဒီတစ်ခါမှာတော့ အသားလုံးကြော်မဟုတ်ဘဲ အသားလုံးဟင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

အသားလုံးဟင်းပြုလုပ်တဲ့နေရာမှာ အဓိကအရေးအကြီးဆုံးဇာတ်ဆောင်ကတော့ အသားလုံးအရည်ပဲဖြစ်ပါတယ်။ ထိုဟင်းရည်ကို အချိုးအစားကျကျ ဘယ်လိုစပ်ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

အသားလုံးပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဝက်သား (သို့) ကြက်သား (သို့) အမဲသား ၂ ပေါင်ခန့် (နုပ်နုပ်စဉ်းထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထာသော ဂျင်း လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနှင့် ပင်စိမ်းရွက် စားပွဲတင်ဇွန်း နှစ်ဇွန်းခန့်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်နှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ငရုတ်သီးမှုန့် အနည်းငယ်
  • အုန်းနို့ စားပွဲတင်ဇွန်း နှစ်ဇွန်း

ဟင်းရည်အတွက်လိုအပ်သော ပစ္စည်းများ

  • အုန်းနို့ ၁၂၅ မီလီလီတာ
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း သုံးဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ငရုတ်နှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ရှစ်ပုံတစ်ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် အသားလုံးပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းတွေဖြစ်ကြတဲ့ အသားများ၊ ငါးငံပြာရည်၊ ကြက်သွန်မြိတ်၊ ပင်စိမ်းရွက်၊ ကြက်သွန်ဖြူ၊ ငရုတ်နှစ်၊ အုန်းနို့နှင့် ငရုတ်သီးမှုန့်တို့ ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။

သမအောင်နယ်ပြီးပါက အလုံးပုံသဏ္ဍာန်ဖြစ်သွားအောင် လုံးပေးလိုက်ပါ။ (တကယ်လို့ သင်က ရှည်မျောမျော အသားချောင်းပုံသဏ္ဍာန်ကို ကြိုက်နှစ်သက်ပါကလည်း မိမိကြိုက်နှစ်သက်သလို ပုံဖော်ပေးလိုက်ပါ)

၂။ အခြားဇလုံတစ်လုံးထဲတွင် ဟင်းအရည်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးကိုအပူပေးပြီး ဆီအနည်းငယ်ထည့်ကာ ဆီပူလာပါက အသားလုံးများ ထည့်ကြော်လိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပြီးပါက အသားလုံးများ ရွှေညိုရောင်ပြောင်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီအခါ ဟင်းအရည် လောင်းထည့်လိုက်ပါ။

၄။ ထို့နောက် မီးအပူချိန်ကို လျော့လိုက်ပြီးနောက် အဖုံးဖွင့်လျက်သားဖြင့် ၁၅ မိနစ်ခန့် ချက်ပေးလိုက်ပါ။ ဟင်းအရည်များ ပျစ်သွားတဲ့အချိန်ကျမှ မီးဖိုပေါ်က ချလိုက်ပါ။

ထမင်းစားခါနီးကျမှ ပင်စိမ်းရွက်နှင့် ကြက်သွန်မြိတ်တို့ ထပ်ထည့်ပေးလိုက်ပါ။ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ အသားလုံးဟင်းလေးကို မြည်းစမ်းကြည့်နိုင်ပါတယ်။

Source: Ifoodreal.com