ခေါက်ဆွဲပြုတ် ရှူးရှူးရှဲရှဲ ပူပူစပ်စပ်စားရတာကို ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ထိုင်းစတိုင်လ် ကြက်သားအရသာ ချဉ်ငန်စပ်ခေါက်ဆွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၂၂၅ ဂရမ် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ။ ကြက်ပေါင်သားကိုလည်း အသုံးပြုနိုင်ပါတယ်။)
  • မှို ၂၂၅ ဂရမ် (ပါးပါးလှီးထားပါ)
  • ငရုတ်ပွ ၁ လုံး (ပါးပါးလှီးထားပါ)
  • ခေါက်ဆွဲခြောက် ၂ ထုပ်
  • သံပုရာသီး ၁ လုံး (အရည်ညှစ်ထားလိုက်ပါ)

ခေါက်ဆွဲပြုတ်ရည် ပြုလုပ်ရန်လိုအပ်သောပါဝင်ပစ္စည်းများ

  • မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်း (ဟင်းသီးဟင်းရွက်ဆီကိုလည်း အသုံးပြုနိုင်ပါတယ်)
  • ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ကြက်ပြုတ်ရည် ၁ လီတာ
  • အုန်းနို့ ၄၀၀ မီလီလီတာ
  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။

၂။ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးအနှစ်တို့ထည့်ကာ နောက်ထပ် တစ်မိနစ်ခန့် ဆီသတ်ပါ။

၃။ ထို့နောက် ကြက်ပြုတ်ရည် ထည့်ပါ။ အုန်းနို့၊ မြေပဲထောပတ်၊ ပဲငံပြာရည်နှင့် သကြားတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ မြေပဲထောပတ်က ကြက်ပြုတ်ရည်ထဲ အရည်ပျော်ကာ စိမ့်ဝင်ပြီးသွားတဲ့နောက်မှာတော့ အရသာ မြည်းစမ်းကြည့်လိုက်ပါ။ (မိမိလိုချင်တဲ့ အစပ်အရသာပေါ် မူတည်ပြီး ငရုတ်သီးအနှစ်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ အရမ်းစပ်နေပါက သကြားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။)

၄။ ကြက်ပြုတ်ရည်က ဆူပွက်လာပြီဆိုရင်တော့ ကြက်ရင်အုံနှင့် မှိုတို့ထည့်ကာ အဖုံးအုပ်လျက်သားဖြင့် ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၅။ (၁၅) မိနစ်ပြည့်ပါက ကြက်သားတုံးကို ဆယ်ယူပြီးနောက် ခက်ရင်းအသုံးပြုကာ အသားနွှင်ထားလိုက်ပါ။

၆။ ထို့နောက် ကြက်ပြုတ်ရည်ထဲသို့ ခေါက်ဆွဲနှင့် ငရုတ်ပွတို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။ ပြီးရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။ ထို့နောက် စောစောကနွှင်ထားသော ကြက်သားနှင့် သံပုရာရည်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြက်သား ချဉ်ငန်စပ်ခေါက်ဆွဲလေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com