ဝက်သားကိုတချို့က အသားပဲကြိုက်ပေမယ့် တချို့ကျတော့ အဆီတို့၊ အခေါက်တို့ကို ပိုကြိုက်ကြတယ်။ ဒီလို အဆီတို့၊ အခေါက်တို့ကြိုက်တဲ့သူတွေအတွက် ထိုင်းစတိုင်လ် အရသာရှိတဲ့ ဝက်ခေါက်ဟင်းချက်နည်းကို မျှဝေပေးလိုက်ပါတယ်။

ငရုပ်သီးအရှည်တောင့် ၃ တောင့်နဲ့၊ အပုတောင့် ၃ တောင့်ကို ကြိတ်စက်နဲ့ ကြိတ်လိုက်ပါ။

ကြက်သွန်ဖြူ – ၆ တက်နဲ့ ကြက်သွန်နီ – ၃လုံးကိုလှီးပြီး ကြိတ်စက်ထဲထည့်ပါ။ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနဲ့ စပါးလင် – ၁ ပင်ကိုလည်း လှီးထည့်ပါ။ မျှင်ငပိ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့်နည်းနည်းကို ထည့်ပြီး ခုနကကြိတ်ထားတဲ့ ငရုပ်သီးတွေပါထည့်ပြီး ထပ်ရောကြိတ်လိုက်ပါ။

ဒယ်အိုးထဲကို ဝက်ခေါက် ပန်းကန်လုံးတစ်လုံးစာထည့်ပြီး ခဏကြော်ပါမယ်။ ဆီထည့်စရာမလိုပါဘူး။

ပိုစားကောင်းသွားအောင် ဝက်ခေါက်ရလောက်ပြီဆိုရင် ဝက်နံရိုးနဲ့အသားတွဲရက်လေးကိုပါ ထည့်ကြော်ပါမယ်။

ပထမဆုံးရောကြိတ်ထားတဲ့ဟာတွေအကုန်လုံးကို ထည့်ပြီး မွှေပေးပါ။

သေချာသမအောင်မွှေပြီးရင် ရေနည်းနည်းထည့်ပါမယ်။ ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပါမယ်။ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ ထည့်ပါမယ်။ အချိုဓာတ်လေးပါအောင် သကြားညိုကိုလည်း စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပါမယ်။

မန်ကျည်းရည် – အနည်းငယ်ထည့်ပြီး မွှေထားပါ။ ပျစ်ပျစ်လေးဖြစ်ပြီဆိုရင် ကြက်သွန်ဖြူ – ၁၀ တက်ထည့်ပါမယ်။ ပြီးရင် မွှေပြီးချက်နေပေးပါ။

ဝက်သားတွေလည်းရပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။

Source: www. pailin’skitchen