အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ နည်းလမ်းမျိုးစုံ လုပ်စားနိုင်တဲ့ ပုစွန် ဝက်သားလုံးကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

အကြော် ကြိုက်နှစ်သက်သူများအနေနဲ့ကလည်း ပုစွန် ဝက်သားလုံးကြော် လုပ်စားနိုင်သလို စွပ်ပြုတ် သောက်သုံးချင်သူများအနေနဲ့ကလည်း ပုစွန် ဝက်သားလုံးစွပ်ပြုတ် လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂ အောင်စ (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • ဝက်သား ၁၂ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဂျင်း ၃ ပြား (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၂ လုံး

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို နုပ်နုပ်စဉ်းပြီးနောက် ဇလုံတစ်လုံးထဲထည့်ပါ။ ဝက်သားများပါ ပေါင်းထည့်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ဥ၊ သကြား၊ ငါးငံပြာရည်၊ သံပုယိုရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ပါ။

၂။ ရရှိလာတဲ့ ပုစွန် ဝက်သားအရောအနှောကို အနေတော်အရွယ်အစားခန့် လုံးပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ဝက်သားလုံးများထည့်ကာ အညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ပုစွန် ဝက်သားလုံးကြော် စားချင်သူများအတွက်ကတော့ ထိုအဆင့်နဲ့တင် လုံလောက်ပါပြီ။

တကယ်လို့ စာဖတ်သူအနေနဲ့ စွပ်ပြုတ်ထဲ ထည့်သောက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကိုပါ ဆက်လက်ပြုလုပ်ပေးရပါမယ်။

၄။ ဝက်သားပြုတ်ရည် (သို့) ကြက်သားပြုတ်ရည်ကို ပွက်ပွက်ဆူအောင် တည်ပြီးတဲ့နောက်မှာ စောစောက ဝက်သားလုံးကြော်များ ထည့်ပေးလိုက်ပါ။

၅။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ ဟင်းရွက်တစ်မျိုးမျိုး (မုန်ညှင်းရွက်၊ ဟင်းနုနွယ်ရွက်၊ ကြက်သွန်မြိတ်) ထည့်လိုက်ပါ။ အရသာအပေါ့အငန် မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပုစွန် ဝက်သားလုံး စွပ်ပြုတ်လေး ရရှိသွားပါပြီ။

ခေါက်ဆွဲအနည်းငယ် ထပ်ပေါင်းထည့်ပြီးတော့လည်း ပုစွန် ဝက်သားလုံးခေါက်ဆွဲပြုတ် လုပ်စားနိုင်ပါသေးတယ်။

Source: Meeraflipsburgers.com