အားလုံးပဲ မင်္ဂလာပါ။ ပူပူစပ်စပ်ဟင်းရည်လေးကိုမှ ရှူးရှူးရှဲရှဲနဲ့ ဆွေမျိုးမေ့သွားလောက်အောင် သောက်ချင်သူများအတွက် ထိုင်းစတိုင်လ် ဝက်နံရိုးဟင်းရည်ပူစပ်ပူစပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်နံရိုး ၃၅၀ ငရမ်
- မှို ပန်းကန်လုံး ၁ လုံးစာ
- စပါးလင် ၂ ပင် (ပါးပါးလှီးထားပါ)
- ပါးပါးလှီးထားသော ဂျင်း ၃ ပြား
- ခရမ်းချဉ်သီး ၅ လုံး
- ကြက်သွန်နီ ၃ ဥ (ပါးပါးလှီးထားပါ)
- ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- ရှောက်ရွက် ၅ ရွက်
- ငရုတ်သီးတောင့် အခြောက်တောင့် ၁၅ တောင့်
- နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း
- ရေ ၃ ခွက် (စားပွဲတင်ဇွန်း ၄၈ ဇွန်း)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါးပါးလှီးထားသော ကြက်သွန်နီများကို ဒယ်အိုးထဲထည့်ကာ ၅ မိနစ်ခန့် လှော်ပေးလိုက်ပါ။ ထို့နောက် ခရမ်းချဉ်သီးများထည့်ကာ ၃ မိနစ်ခန့် အပူပေးပါ။ ထို့နောက် ငရုတ်သီးတောင့်များထည့်ကာ ၁၅ စက္ကန့်ခန့် ရောမွှေပါ။
ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။
၂။ တစ်ဖန် ရေ ၃ ခွက်ကို အိုးထဲထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ပါ။
၃။ ရေများ ဆူပွက်လာပါက မီးအပူချိန်ကို လျော့လိုက်ပြီး ဝက်နံရိုးများထည့်ကာ ၁ နာရီခန့် မီးအေးအေးဖြင့် တည်ထားပါ။
၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မီးအပူချိန်ကို အနည်းငယ် မြှင့်လိုက်ပါ။ ဂျင်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ စပါးလင်၊ မှိုတို့ထည့်ကာ ပွက်ပွက်ပြန်ဆူလာအောင် စောင့်ပါ။
၅။ ပွက်ပွက်ဆူလာပါက ရှေက်ရွက်ထည့်ပါ။ ငါးငံပြာရည်၊ သံပုရာရည်၊ ကြက်သွန်မြိတ်၊ နံနံပင်တို့ထည့်ကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။
မီးဖိုပေါ်က ချခါနီးကျမှ လှော်ထားသော ငရုတ်သီးတောင့်များထည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ဝက်နံရိုးဟင်းရည် စပ်စပ်လေး ရရှိသွားပါပြီ။
Source: Siamsizzles.com