ကြက်သားကို ဟင်းချက်စားရတာ၊ ကြော်စားရတာရိုးလာရင် ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းကို အဓိကသုံးပြီး ကြော်စားကြည့်ပါ။ ဒီလို အရသာရှိရှိကြော်စားလို့ရအောင်လည်း ထိုင်းစတိုင်လ် Garlic Pepper Chicken ကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကြက်သား – ၅၀၀ ဂရမ်ကို အတုံးသေးသေးလေးတွေ လှီးပြီး ပန်းကန်လုံးထဲထည့်ပါ။

ပြီးတာနဲ့ ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် အဖြူ နဲ့ အမဲ – အနည်းငယ်စီ၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲစာတို့ကို ထည့်ပြီး နယ်ပေးပါ။

ကြက်သွန်ဖြူ – ၈ တက်ကို နုတ်နုတ်စင်းပြီး ဆီအိုးထဲထည့်ကြော်ပါမယ်။ အညိုရောင်သန်းလာပြီဆိုရင် ပန်းကန်ထဲ ခူးထည့်ပါ။

ဒယ်အိုးအကြီးထဲကို ဆီထည့်ပြီး နယ်ထားတဲ့ ကြက်သားတွေ ထည့်ကြော်ပါမယ်။ ကြော်နေတဲ့အချိန်မှာ ရေနည်းနည်းထည့်ပြီး နူးတဲ့အထိ ကြော်ပေးပါ။

ရလောက်ပြီဆိုရင်တော့ ခုနကကြော်ထားတဲ့ ကြက်သွန်ဖြူတွေ ထည့်ပြီး မွှေပါ။

အားလုံးပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး အပေါ်ကနေ ကြော်ထားတဲ့ ကြက်သွန်ဖြူလေးတွေ ဖြူးပြီး စားလို့ရပါပြီ။

Source: www.pailin’skitchen