ပဲသီးကို ဒီတိုင်းကြော်စားရတာရိုးလာလို့ အရသာတစ်မျိုးပြောင်းပြီး စားချင်တယ်ဆိုရင် ထိုင်းစတိုင်လ်လေး ကြော်စားကြည့်ပါ။ ထမင်းဖြူလေးနဲ့ တွဲစားလည်း အရသာရှိသလို ဝိတ်ချမယ့်သူတွေ ဒီတိုင်းလေးစားရင်လည်း အရသာရှိပြီး စားလို့ကောင်းပါတယ်။ ပဲသီးကို ထိုင်းစတိုင်လ်ကြော်ရတာလည်း အရမ်းလွယ်တဲ့အတွက် လုပ်စားကြည့်ဖို့ အကြံပေးပါတယ်။

ပဲသီး – ၂ စည်းကို ကြီးကြီးလေးလှီးပါမယ်။

ကြက်သွန်အဖြူ – အကြီး ၄ တက်ကို နုတ်နုတ်ဆင်းပါ။

ပန်းကန်လုံးထဲကို ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပြီး မွှေပါ။

ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူတွေထည့်မွှေပါ။

ခဏနေရင် ပဲသီးတွေထည့်ကြော်ပါမယ်။ ရေ အနည်းငယ်ထည့်ပြီး ထပ်မွှေပါ။

ခုနက ငံပြာရည်၊ ခရုဆီ၊ ပဲငံပြာရည်တွေ ရောထည့်ပြီးမွှေထားတာတွေကို ထည့်ပါမယ်။ သကြား – စားပွဲတင်ဇွန်း ၁ ဇွန်းစာ ထည့်ပါမယ်။ ပေါ့တာမကြိုက်ရင် အသားမှုန့် အနည်းငယ်ထည့်ပြီး မွှေပါ။

ဘဲဥတစ်လုံးကိုပြုတ်ထားပြီး ပဲသီးနူးရင် ဘဲဥတစ်ခြမ်းကို သေးသေးလေးတွေလှီးပြီး ထည့်ကြော်ပါ။

အားလုံးသေချာကြော်ပြီးပြီ နူးပြီဆိုရင်တော့ ပန်းကန်ပြားထဲခူးထည့်ပါ။ ကျန်တဲ့ဘဲဥတစ်ခြမ်းကို သေးသေးလေးတွေစိတ်ပြီး အပေါ်ကနေတင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ပဲသီးကြော်ကို ရရှိသွားပါပြီ။

Photo Source: www.pailin’skitche.com