ပုစွန်ကြိုက်တဲ့သူတွေအတွက် အသစ်အဆန်းလေးဖြစ်သွားအောင် ထိုင်းစတိုင်လ်နဲ့ စပ်စပ်လေးချက်စားနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ပန်းကန်လုံးထဲကို ထိုင်းငရုပ်သီးအနှစ် (Thai Chili Paste) – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပါ။ ပြီးရင် ရေနည်းနည်းထည့်ပြီး ထပ်မွှေပါ။

ပုစွန် – ၃၀၀ ဂရမ်ကို အခွံတွေခွာပြီး ပန်းကန်ထဲထည့်ပါ။

ကညွတ်ကြိုက်ရင် ကညွတ်တွေကို ထည့်ဖို့ လှီးထားပါ။

ကြက်သွန်အလုံးကြီးတစ်လုံးကို တစ်ခြမ်းပဲလှီးထားပါ။ ငရုပ်သီးတောင့်အကြီးတွေကိုလည်း အနေတော်လောက်တွေ လှီးထားပါ။ ပူစီနံနည်းနည်းကိုလည်း အသင့်ပြင်ထားပါ။

စချက်ဖို့အတွက် ဒယ်အိုးထဲကို ဆီထည့်ပြီး ကြက်သွန်ဖြူ ၄ တက်ကို နုတ်နုတ်ဆင်းထားထည့်ပါ။ ငရုပ်သီးတောင့်အသေးတစ်တောင့်ကိုလည်း လှီးထည့်ပြီး ဆီသက်ပါ။

ပုစွန်ထည့်ပါ။ ပထမဆုံးရောမွှေထားတဲ့ ငရုပ်သီးအနှစ်တွေထည့်ပါ။ ကညွတ်ထည့်ပါ။ လှီးထားတဲ့ ကြက်သွန်ထည့်ပြီး ရေနည်းနည်းထည့်မွှေပါ။

သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါ။ လှီးထားတဲ့ငရုပ်သီးနဲ့ ပူစီနံတွေထည့်ပါ။ သေချာမွှေပြီး ခဏတည်ထားလိုက်ပါ။

ခဏနေရင်တော့ ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ ထိုင်းစတိုင်လ် ပုစွန်စပ်စပ်လေးချက်နည်း ပြီးသွားပါပြီ။

Source: www. pailin’skitchen