အားလုံးပဲ မင်္ဂလာပါ။ အစားအစာ အသစ်အဆန်းလေးတွေကို တီထွင်ပြုလုပ်ရတာ ဝါသနာပါတဲ့သူ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရတာ ဝါသနာပါတဲ့သူတွေအတွက် ထောပတ်သီးကြက်ဥညှပ်ပေါင်မုန့်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းတွေက ဝယ်ရတာလွယ်ကူသလို ပြင်ဆင်ရတာလည်းလွယ်ကူတာကြောင့် မနက်စာအဖြစ်လည်း စားသုံးရသလို၊ သားသားမီးမီးလေးတွေကျောင်းသွားတဲ့အခါမှာလည်း အဆာပြေမုန့်အနေနဲ့ ထည့်ပေးလို့ ရသေးတယ်နော်။

ပါဝင်ပစ္စည်းများ

ထောပတ်သီး ၂ လုံး၊ ပေါင်မုန့် ၂ လုံး၊ ကြက်ဥ ၈ လုံး၊ စမုံစပါး လက်တစ်ဆုပ်စာခန့်၊ နံနံပင် လက်တစ်ဆုပ်စာခန့်၊ သံပုယိုသီးတစ်လုံး၊ ဆားအနည်းငယ်၊ သံလွင်ဆီအနည်းငယ်တို့လိုအပ်ပါမယ်။

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်ဥ ၈ လုံးကို ၈ မိနစ် (သို့) ၁၀ မိနစ်ခန့်ပြုတ်ပြီးတဲ့အခါ အအေးခံထားပါ။ ပြီးမှ အခွံချွတ်ပြီး ကြက်ဥကို အတုံးသေးသေးလေးများတုံးလိုက်ပါ။

ထောပတ်သီးနှစ်လုံးကို အသားဖယ်ထုတ်ပြီး ပန်းကန်တစ်ခုထဲထည့်ကာ ကြိတ်ချေလိုက်ပါ။ ထောပတ်သီးအနှစ်လေးတွေ ရလာတဲ့အခါ သံပုယိုသီးလေးညှစ်ထည့်လိုက်ပါ။ ဆားအနည်းငယ်ဖြူးမယ်၊ ကြက်ဥအတုံးသေးသေးလေးများ၊ စမုံစပါးနဲ့ နံနံပင်၊ သံလွင်ဆီတို့ကို ပန်းကန်လုံးထဲ ထပ်ထည့်ပြီး သမအောင် မွှေလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ရရှိလာတဲ့ ထောပတ်သီးကြက်ဥအစာသွပ်ကို ပေါင်မုန့်ကြားထဲ ညှပ်ပေးလိုက်တဲ့အခါ ထောပတ်သီးနဲ့ကြက်ဥရဲ့ ဆိမ့်သက်တဲ့အရသာလေးကို မြည်းစမ်းကြည့်နိုင်ပါပြီ။

Source: Pinchofyum.com