အမဲသားတစ်မျိုးထဲကို ကြော်စားရတာ၊ ဟင်းချက်စားရတာ ရိုးလာရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး လူတိုင်းနဲ့လည်းတည့်တဲ့ Broccoli လို့ခေါ်တဲ့ ပန်းမုန်လာနဲ့ ရောကြော်ကြည့်ပါ။ ကြော်ရတာ ရိုးရိုးလေးပါပဲ အရမ်းလွယ်ပါတယ်။ ဒီတော့ အမဲသားကို Broccoli လို့ခေါ်တဲ့ပန်းမုန်လာနဲ့ အရသာရှိအောင် ဘယ်လိုကြော်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်။

အမဲသား – ၂၅၀ ဂရမ်ကို ပါးပါးရှည်ရှည်လေးတွေလှီးပြီး ပန်းကန်လုံးထဲထည့်ပါ။

အမဲသားပန်းကန်ထဲကို ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ကြက်ဥ အကာ (အနှစ်ကိုဖယ်ထုတ်ထားပါ) – ၁ လုံး၊ ပြောင်းဂျုံ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲတို့ကို ထည့်နယ်ပါ။

Broccoli လို့ခေါ်တဲ့ ပန်းမုန်လာတစ်ပွင့်ကို အနေတော်လေးတွေ လှီးပေးပါမယ်။

ပန်းကန်အသေးထဲကို ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – ၄ တက်ထည့်ပြီး မွှေပါ။

ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး Broccoli ထည့်ကြော်ပါ။ ပြီးရင် ပန်းကန်ထဲခူးထုတ်ထားလိုက်ပါ။

ဒယ်အိုးထဲကို ဆီထပ်ထည့်ပြီး အမဲသားတွေထည့်ကြော်ပါမယ်။

အမဲသားနူးလောက်ပြီဆိုရင် Broccoli ထည့်ပြီး ခုနကရောမွှေထားတဲ့ဟာတွေကို ထည့်ပြီး မွှေကြော်ပါမယ်။

ကြော်ထားတာတွေနူးပြီဆိုရင် ပန်းကန်ထဲကိုခူးထုတ်ပါမယ်။ ဒါဆိုရင်တော့ အမဲသားကို Broccoli နဲ့ရောကြော်ထားတာကို အရသာရှိရှိ ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။