ဟင်းလျာများကို အစပ်တည့်အောင် ချက်ပြုတ်ပြင်ဆင်ချင်သူများအတွက် အဓိကလိုအပ်သောပါဝင်ပစ္စည်းကတော့ ငရုတ်ဆီပဲဖြစ်ပါတယ်။ အလုပ်ရှုပ်မခံချင်သော အိမ်ရှင်မတွေကတော့ အသင့်စားငရုတ်ဆီကို အသုံးပြုကြလေ့ရှိပါတယ်။ ဒါပေမဲ့ ထိုငရုတ်ဆီထဲမှာ ဓာတုဆိုးဆေးတွေ ပါဝင်တဲ့အတွက်ကြောင့် ရေရှည်ဆိုလျှင် ကျန်းမာရေးအတွက်မကောင်းပါဘူး။
ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး ဓာတုဆိုးဆေးလည်း လုံးဝမပါဝင်တဲ့ အိမ်လုပ် သဘာဝငရုတ်ဆီ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဟင်းရွက်ဆီ (သို့) မြေပဲဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်း
- ကြက်သွန်နီ အကြီး ၂ လုံး (နုပ်နုပ်စဉ်းထားပါ)
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ငရုတ်ကောင်းစေ့ထည့်ကာ ၁ မိနစ်ခန့် လှော်ပေးလိုက်ပါ။ ထို့နောက် အမှုန့်များရအောင် ထောင်းပေးလိုက်ပါ။ ပြီးရင် ပန်းကန်လုံးအသေးထဲ ဖယ်ထည့်ထားလိုက်ပါ။
၂။ ဒယ်အိုးကို အပူထပ်ပေးပြီး ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။
၃။ ထို့နောက် ပဲငံပြာရည်ထည့်ပါ။ ပဲငရုတ်နှစ်ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။
၄။ ဒယ်အိုးထဲသို့ ကျန်ရှိနေသော ဆီများအားလုံး ထည့်ပြီးနောက် ငရုတ်သီးမှုန့်၊ သကြား၊ ဆားနှင့် ထောင်းထားသော ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။
၅။ ထို့နောက် မီးပိတ်ကာ မီးဖိုပေါ်က ချပြီး အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင်တော့ လေလုံသော ဖန်ပုလင်းထဲ ထည့်သိမ်းထားလိုက်ပါ။ မိမိဟင်းချက်ချိန်မှ လိုသလို ထည့်သုံးနိုင်ပါတယ်။
ထိုငရုတ်ဆီက ၁၅ ရက်အထိ အထားခံပါတယ်။
Source : Seonkyounglongest.com