အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ အမဲသားလေး ချက်စားရအောင်ပါ။ ဆီအများကြီးမသုံးဘဲ အမဲသားကို အရသာရှိရှိနဲ့ ချက်ပြုတ်လို့ရအောင်မျှဝေပေးသွားမှာဖြစ်ပါတယ်။

Bulgogi လို့ခေါ်တဲ့ ကိုရီးယားရိုးရာ အမဲသားချက်နည်းလေးကို မျှဝေပေးသွားမှာဖြစ်လို့ အားလုံးအကြိုက်တွေ့ကြမယ်လို့ထင်ပါတယ်နော်။ တောင်ကိုရီးယားတွေရဲ့ မွေးနေ့တွေ၊ အမျိုးသားနေ့ အားလပ်ရက်တွေမှာ၊ နေ့ထူးနေမြတ်တွေမှာ စားလေ့ရှိကြတဲ့ ဟင်းလျာလည်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • အမဲသား
  • ကြက်သွန်နီ ၁ ဥ (အခွံနွှာပြီး ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် ၂ ချောင်း
  • မုန်လာဥနီ ပါးပါးလှီးပါ

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ အနည်းငယ်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဆော့စ်လုပ်ဖို့အတွက် (အောက်မှာဖော်ပြတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ထည့်နယ်လိုက်ရပါမယ်)

  • ပဲငံပြာရည် အနည်းငယ်
  • သကြားအနည်းငယ်
  • ဝိုင်ဖြူအနည်းငယ် (ဆန်အရက်အနည်းငယ်)

  • ကြက်သွန်ဖြူတောက်တောက်စဉ်းပါ
  • ဂျင်းတောက်တောက်စဉ်းပါ
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အမဲသားကို ရေသေချောလေးလိုက်ပြီး ခပ်ပါးပါးလေးလှီးလိုက်ပါ။

ပြီးရင် စောစောကနယ်ထားတဲ့ ဆော့စ်နဲ့ အမဲသားကို နယ်ပေးပြီး ခဏနှပ်ထားပါ။

ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီတို့ကို ပါးပါးလှီးပါ။

ဒယ်အိုးကိုအပူပေးလိုက်ပြီး အမဲသားကိုထည့်လိုက်ပါ။ ဆီနည်းနည်းထည့်ပါ။ အနည်းငယ်ကျက်ပြီဆိုရင်တော့ လှီးထားတဲ့ ကြက်သွန်၊ ကြက်သွန်မြိတ်၊ မုန်လာဥနီတို့ကိုထည့်လိုက်ပါ။

ပြီးရင်တော့ နှမ်းစေ့ထည့်ပေးလိုက်ပါ။ ဒါဆို သုံးဆောင်လို့ရပါပြီနော်။

Source: www.mykoreankitchen.com