အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သားကို အရသာရှိအောင် ချိုချဉ်ဆော့စ်နဲ့ ဘယ်လိုကြော်စားနိုင်မလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ဆီနှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ရင်အုံသား ၂ တုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (အခွံခွာပြီး အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ငရုတ်ပွ အနီနှင့် အစိမ်း ၁ လုံးစီ (တစ်လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (အခွံခွာပြီး ထောင်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၆ ဇွန်း
  • နာနတ်သီး ၁၇ အောင်စ (လေးထောင့်အတုံးငယ် တုံးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၂။ ပန်းကန်လုံးတစ်လုံးတွင် ကြက်ဥများကို မွှေခလောက်ထားပါ။ အခြားပန်းကန်လုံးတစ်လုံးတွင် ပြောင်းမှုန့်များ ထည့်ထားပါ။ အခြားပန်းကန်လုံးတစ်လုံးတွင် ဂျုံမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်နှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၃။ ကြက်သားတုံးများကို ပြောင်းမှုန့်ဖြင့် ကပ်လိုက်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်ပါ။ ထို့နောက် ဂျုံမှုန့်အရောအနှောဖြင့် ကပ်လိုက်ပါ။

ရရှိလာတဲ့ကြက်သားတုံးကို ဆီပူထဲထည့်ကာ ၆ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပါ။ ရွှေညိုရောင် ပြောင်းသွားတဲ့ကြက်သားကြော်ကို ပန်းကန်ပြားထဲထည့်ထားလိုက်ပါ။

ကြက်သားတုံးများကို အထက်ပါနည်းအတိုင်း မုန့်နှစ်များကပ်ပြီး ကြော်ပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ဆော့စ်ပြုလုပ်ရပါမယ်။

ဒယ်အိုးတစ်လုံးကို အပူပေးပြီး ကြက်သွန်နီထည့်ကာ ၃ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ငရုတ်ပွများထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ကြက်သွန်ဖြူနှင့် ဂျင်းထည့်ကာ တစ်မိနစ်ခန့် ကြော်ပါ။ ထို့နောက် ခရမ်းချဉ်သီး Ketchup ၊ ရှာလကာရည်၊ သကြားညိုနှင့် နာနတ်သီးတို့ထည့်ကာ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၅။ ထိုဆော့စ်က အရည်ပျစ်သွားတဲ့အခါမှာတော့ ကြက်ကြော်တုံးများကို ဆော့စ်ထဲထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားချိုချဉ်ကြော်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။ နှမ်းစေ့အနည်းငယ်ဖြူးထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Kitchensanctuary.com