အားလုံးပဲမင်္ဂလာပါနော်။ သင်္ကြန်ဆိုတော့ မုန့်လုံးရေပေါ်ကို သတိရကြမယ်ထင်ပါတယ်။ စတုဒီတာတွေကျွေးနေတာလည်းတွေ့တယ်ဆိုတော့ စားပြီးတဲ့သူတွေလည်း စားပြီး သွားကြပြီထင်ပါတယ်နော်။

မုန့်လုံးရေပေါ်လုပ်ဖို့ကတော့ သိပ်မခက်ပါဘူး။

ပါဝင်ပစ္စည်း

  • ကောက်ညှန်းမှုန့် – ၁ ခွက်
  • ဆန် ကြမ်းမှုန့် – အနည်းငယ်
  • အုန်းစိမ်းရည် – ၁ ခွက်
  • ထန်းလျက် ခဲများ (တစ်ခုကို (၆) ခြမ်းစီလောက်ခြမ်းပါ)
  • အုန်းဆီဖတ်

ပြုလုပ်နည်း

အရင်ဆုံး ဇောက်နက်တဲ့အိုးကို ရေထည့်ပြီးဆူဆူတည်ထားပါ။

ပန်းကန်လုံးကြီးထဲမှာ ကောက်ညှင်းမှုန့်နဲ့ ဆန်ကြမ်းမှုန့် အုန်းစိမ်းရည် တို့ကိုရောလိုက်ပြိး နယ်လိုက်ပါ။

စေးနေအောင် နယ်ရမှာဖြစ်ပါတယ်နော်။

မုန့်အနှစ်ကို လိုသလို အနေတော်လေးတွေလုံးပေးပါ။ မုန့်အနှစ်ကိုလက်ထဲမှာ ပြားလိုက်ပြီး ထန်းလျက်ခဲတွေထည့်ပါ။ သူငယ်ချင်း မိသားစုဝင်တွေနဲ့ အတူတူ လုံးရင် သိပ်ကို ပြောစရာကောင်းပါတယ်နော်။

မုန့်တွေကို မကပ်အောင် တစ်လုံးနဲ့တစ်လုံး ခြားပြီး စီထားပါ။

ပွက်ပွက်ဆူနေတဲ့ ရေထဲမှာ ထည့်လိုက်ပါ။ အိုးကျပ်အောင်မထည့်ပါနဲ့နော်။ မကျက်တာမျိုးဖြစ်တတ်သလို ဆယ်ရတာသိပ်ခက်ပါတယ်။

ပြီးရင်တော့ နောက်ထပ်ဇလုံးကြီးတစ်ခုထဲကို ရေခဲရေလေးထည့်ထားပါ။ ရေပေါ်ပေါ်လာတဲ့မုန့်လုံးရေပေါ်ကို အဲဒီရေထဲမှာအေးအောင်ထည့်လိုက်ပြီး ရေဆစ်ထားလိုက်ပါ။

အပေါ်ကနေ အုန်းသီးဖတ်လေးတွေဖြူးပြီးသုံးဆောင်နိုင်ပါတယ်နော်။

By: MyFood Myanmar