အားလုံးပဲ မင်္ဂလာပါ။ မိမိအိမ်မှာ သကြား၊ နွားနို့နှင့် ကြက်ဥတို့ လုံလုံလောက်လောက်ရှိရုံနဲ့တင် အရသာရှိတဲ့ ကြက်ဥပူတင်းလေးကို အလွယ်လေးပဲ လုပ်စားနိုင်ပြီဆိုတာကို စာဖတ်သူတို့ သိပြီးပါပြီလား။

ဘယ်လိုလုပ်စားရမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ အတူတူဖတ်ကြည့်လိုက်ရအောင်လား။

ပါဝင်ပစ္စည်းများ

  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ကြက်ဥ ၄ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးအသေးတစ်လုံးကို အပူပေးပြီးနောက် သကြား စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ရောနှောလိုက်ပါ။ သကြားများ ပျော်ဝင်သွားသည်အထိ အဆက်မပြတ်မွှေပြီးတဲ့နောက်မှာ မီးဖိုပေါ်က ချလိုက်ပါ။

၂။ ရရှိလာတဲ့ သကြားရေကို ဒယ်အိုးအသေးတစ်လုံးထဲသို့ ထည့်လိုက်ပါ။ ဒယ်အိုးရဲ့ မျက်နှာပြင်အနှံ့ သကြားရေများ ကပ်သွားဖို့ရန်အတွက် ဒယ်အိုးကို အနည်းငယ် လှဲ့စောင်းပေးရပါမယ်။

၃။ နောက်တစ်ဆင့်အနေနဲ့ နွားနို့ကို နွေးနွေးလေးဖြစ်သွားအောင် ကျိုပေးရပါမယ်။

ဒန်အိုးထဲသို့ နွားနို့နှင့် သကြား စားပွဲတင်ဇွန်း ၁၂ တို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ အဆက်မပြတ်မွှေပေးလိုက်ပါ။ သကြားများ ပျော်သွားပြီ နွားနို့လည်း နွေးနွေးလေးဖြစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်ပါ။

၄။ ဖျော်စက်တစ်လုံးထဲသို့ ကြက်ဥ ၄ လုံးဖောက်ထည့်ထားပါ။ ထို့နောက် စောစောက နွားနို့များကို ဖျော်စက်ထဲ လောင်းထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ပေါင်းအိုးကို အဆင်သင့်ပြင်ထားပါ။ သကြားရေထည့်ထားသော ဒယ်အိုးကို ပေါင်းအိုးထဲ ထည့်ထားပါ။ ပြီးရင်တော့ စောစောက ဖျော်ထားတဲ့ ကြက်ဥ နွားနို့များကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပါ။ ပေါင်းအိုး အဖုံး အုပ်ထားပြီးနောက် မိနစ် ၃၀ ခန့် ပေါင်းပေးရပါမယ်။

၆။ မိနစ် ၃၀ ပြည့်သွားပါက ကြက်ဥပူတင်းထဲသို့ သွားကြားထိုးတံ တစ်ချောင်း ထိုးစိုက်ကာ ကြက်ဥပူတင်းက တင်းတင်းရင်းရင်းလေး ဖြစ်သွားရဲ့လားဆိုတာကို စမ်းသပ်ကြည့်ပါ။ သွားကြားထိုးတံမှာ မည်သည့်အနှစ်မှ ကပ်မပါလာဘူးဆိုရင်တော့ သင့်ရဲ့ ကြက်ဥပူတင်းလေးက ပြီးပြည့်စုံသွားပါပြီ။

ဒီလိုမှ မဟုတ်ဘဲနဲ့ သွားကြားထိုးတံမှာ ကြက်ဥအနှစ်များ ကပ်ပါလာတယ်ဆိုရင်တော့ နောက်ထပ် ၃ မိနစ်၊ ၅ မိနစ်ခန့် ထပ်ပေါင်းပေးရပါမယ်။

၇။ ရရှိလာတဲ့ ကြက်ဥပူတင်းလေးကို ရေခဲသေတ္တာထဲမှာ တစ်နာရီခန့် အအေးခံထားလိုက်မယ်ဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥပူတင်းလေး ရရှိသွားပါပြီ။

Source : Yumm.com

https://youtu.be/gbukpyArU8U?t=2