အားလုံးပဲ မင်္ဂလာပါ။ ဂျုံမှုန့်၊ ကြက်ဥနဲ့ ကိုကိုးမှုန့်တို့ လုံးဝ အသုံးပြုစရာမလိုတဲ့အပြင် Oven မရှိလည်း အလွယ်တကူလုပ်စားနိုင်တဲ့ ချောကလက်ကိတ်မုန့် ပြုလုပ်နည်းကို ကိတ်မုန့်ချစ်သူတို့အတွက် ဝေမျှပေးလိုက်ချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Oreo ချောကလက် ကွတ်ကီး ၂ ပါကင်
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ချောကလက် ကွတ်ကီးနဲ့ အထဲက အဖြူရောင်ခရင်မ်များကို ပန်းကန်လုံး သပ်သပ်စီ ခွဲထည့်ထားပါ။

၂။ ချောကလက်ကွတ်ကီးများကိုတော့ အလုံပိတ်အိတ်ထဲထည့်ပြီးနောက် အမှုန့်များဖြစ်သွားအောင် ထုထောင်းပေးလိုက်ပါ။

၃။ ရရှိလာတဲ့ အမှုန့်များကို ပန်းကန်လုံးတစ်လုံးထဲသို့ ပြောင်းထည့်ပါ။ ထို့နောက် နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်းဖြင့် ရောနှောပြီးနောက် သမအောင် မွှေခလောက်ပေးလိုက်ပါ။

၄။ ပြီးရင်တော့ စောစောကဖယ်ထားတဲ့ အဖြူရောင်ခရင်မ်လေးများကို ထိုပန်းကန်လုံးထဲသို့ လောင်းထည့်ပြီး သမအောင် ထပ်မံမွှေပေးရပါမယ်။

၅။ ထို့နောက် မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ အဝကျယ်ပြီး ဇောက်နက်သော ဒန်အိုးအသေးတစ်လုံးရဲ့ အတွင်းဘက်နံရံများကို ဆီ (သို့) ထောပတ်ဖြင့် သုတ်လိမ်းထားလိုက်ပါ။ ဒန်အိုးရဲ့ အတွင်းထဲသို့ ဆီစုပ်စက္ကူ ၁ ချပ်၊ ၂ ချပ်ခန့် ခံထည့်ထားလိုက်ပါ။

၇။ ပြီးရင်တော့ စောစောက ချောကလက်အနှစ်များကို အိုးထဲသို့ လောင်းထည့်လိုက်ပါ။ ချောကလက်မျက်နှာပြင် ညီညာသွားအောင် အိုးကို အနည်းငယ် လှုပ်ခါပေးလိုက်ပါ။

၈။ ထို့နောက် ထိုအိုးကို ပေါင်းအိုးထဲထည့်ကာ မီးအေးအေးဖြင့် မိနစ် ၄၀ မှ တစ်နာရီခန့် ထည့်ပေါင်းထားလိုက်ပါ။

မိနစ် ၅၀ ပြည့်ပါက သွားကြားထိုးတံ တစ်ချောင်းကို ချောကလက်ထဲသို့ ထိုးထည့်ကြည့်လိုက်ပါ။ သွားကြာထိုးတံမှာ ချောကလက်အနှစ်များ ကပ်ပါမလာဘူးဆိုရင်တော့ သင့်ရဲ့ ချောကလက်ကိတ်မုန့်က ကျက်သွားပါပြီ။

မီးပိတ်ကာ ပေါင်းအိုးထဲတွင် ၅ မိနစ်ခန့် အအေးခံပြီးနောက် ပေါင်းအိုးပေါ်က ချလိုက်လို့ရပါပြီ။

၉။ ဒီလောက်ဆိုရင်ပဲ ပြီးပြည့်စုံပြီး အရသာရှိတဲ့ ချောကလက်ကိတ်မုန့်လေး ရရှိသွားပါပြီ။

စာဖတ်သူအနေနဲ့ ချောကလက်ရေ ရွှဲရွှဲလေးနဲ့ ဒီ့ထက်ပိုအရသာရှိတာမျိုးကို စားချင်တယ်ဆိုရင်တော့ ချောကလက်တစ်ချောင်းကို အရည်ဖျော်၊ Heavy Cream နဲ့ သမအောင် ရောမွှေပြီးတဲ့နောက်မှာတော့ စောစောက ချောကလက်ကိတ်မုန့်ပေါ်သို့ လောင်းချလိုက်ပါ။

ထို့နောက် ကိတ်မုန့်ပေါ်သို့ ချောကလက်အမှုန်များ ဖြူးပြီး အလှဆင်နိုင်သလို မိမိကြိုက်နှစ်သက်ရာ သစ်သီးတစ်မျိုးမျိုးဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

Source : Kirbyyy.com